ဖလမ်းနဲ့ မင်းတပ်မှာ မြို့သိမ်းတိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေ

ချင်းတော်လှန်ရေးတပ်တွေ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေကြတဲ့ ချင်းပြည်၊ ဖလမ်းနဲ့ မင်းတပ်မြို့တွေမှာ ဒီကနေ့မနက်ပိုင်းမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်လို့ အဲဒီဒေသခံတွေဆီကနေ သိရပါတယ်။
အဲဒီမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ အကြိမ်များစွာ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဖလမ်းမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်ကနေ ၂၈ ရက်နေ့အထိ သုံးရက်ဆက်တိုက် စစ်ကောင်စီတပ်နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)တို့ကြား တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။
အဲဒီနောက် နိုဝင်ဘာလ ၈ ရက်နေ့မှာ ဖလမ်းမြို့တွင်း တိုက်ပွဲတွေပြန်စခဲ့ပြီးနောက် အောက်တိုဘာလ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ ဖလမ်းမြို့မရဲစခန်းကို CNDF က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“အဲဒီ ၈ ရက်နေ့ညမှာပဲ ကလေးအမြောက်တပ်ကနေ မစ်ဇိုင်းဒုံးနဲ့ သုံးကြိမ်လောက် ပစ်ခတ်တယ်။ ၉ ရက်နဲ့ ၁၀ ရက်နေ့မှာလည်း မနက်ပိုင်းမှာ မစ်ဇိုင်းဒုံးနဲ့ ပစ်ခတ်ပေးနေသေးတယ်။ မနေ့က ဖလမ်းမှာ ထပ်ပြီး လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်သွားတယ်” လို့ ကလေးမြို့ကိုရောက်ရှိနေတဲ့ အသက် ၃၀ နှစ်အရွယ် ဖလမ်းစစ်ဘေးရှောင်တစ်ဦးက CJ Platform ကို ပြောပါတယ်။
ကလေးမြို့ အမြောက်တပ်ကနေ ဖလမ်းမြို့ကို ပစ်ခတ်နေတဲ့ မစ်ဇိုင်းဒုံးဟာ ကလေးမြို့ထဲနဲ့ အနီးနားကျေးရွာတွေမှာ ကျပေါက်ကွဲခဲ့တဲ့အတွက် လူနေအိမ်တချို့ ထိခိုက်ပျက်စီးမှုရှိတယ်လို့ သိရပါတယ်။
ဖလမ်းမှာ ဒီကနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့၊ မွန်းလွဲ ၃ နာရီဝန်းကျင်မှာလည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ တစ်စင်းနဲ့ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်သွားတယ်လို့ သိရပါတယ်။
ဖလမ်းမြို့မရဲစခန်းကို CNDF က တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီလို့ သတင်းတွေထွက်ပေါ်လာတဲ့အတွက် CJ Platform က CNDF ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိသေးပါဘူး။
တိုက်ပွဲပြင်းထန်နေတဲ့ ဖလမ်းမြို့ကို စစ်ကူပို့ဖို့အတွက် ကလေးမြို့က စစ်ကောင်စီတပ်ရင်းတွေ ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ဒီအကြောင်း သိရှိထားတဲ့ အသက် ၃၀ ဝန်းကျင် ကလေးမြို့ခံ အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဒီနေ့မနက် စစ်ကား လေးစီး၊ ငါးစီး ကလေး-ဖလမ်းလမ်းအတိုင်း ချင်းတောင်ဘက် တက်သွားကြတယ်။ သိထားတာက ဖလမ်းကို စစ်ကူသွားဖို့ပါ။ မနက် ၁၁ နာရီလောက်မှာ စစ်ကားတွေပြန်လှည့်လာကြတယ်။ အခု ကလေးမြို့မှာ ဖလမ်းစစ်ကူပို့ဖို့ စစ်သားတွေ အလုပ်ရှုပ်နေကြတယ်” လို့ သူမက ပြောပါတယ်။
စစ်ကောင်စီလော်ဘီချန်နယ်တွေမှာ ဖလမ်းမြို့ ခလရ-၂၆၈ တပ်ရင်းကို CNDF တပ်ဖွဲ့ဝင်တွေက အင်အားအလုံးရင်းနဲ့ ပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက် လေကြောင်းပစ်ကူပေးဖို့ တောင်းဆိုထားပါတယ်။
အဲဒီလိုပဲ နိုဝင်ဘာလ ၉ ရက်နေ့၊ မနက်ပိုင်းကစပြီး တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတဲ့ မင်းတပ်မြို့မှာလည်း ဒီကနေ့အထိ မင်းတပ်မြို့မှာ ဆက်လက်ပြင်းထန်နေတယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ဆလိုင်းယောမာန်က CJ Platform ကို ပြောပါတယ်။
“စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ၊ Y-12 တို့နဲ့ တောက်လျှောက် ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေပါတယ်” လို့ သူက ပြောပါတယ်။
ယမန်နေ့ အောက်တိုဘာလ ၁၀ ရက်နေ့၊ မနက် ၁၁ နာရီအချိန်က မင်းတပ်မြို့အခြေစိုက် ခလရ-၂၇၄ တပ်ရင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ လက်နက်ခဲယမ်းတွေဖြည့်တင်းနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ဒီကနေ့ မနက် ၁၀ နာရီခန့်မှာ မင်းတပ်မြို့နေရာစုံကို ဗုံးအလုံးရေ ၄၀ ကျော်နဲ့ စစ်ကောင်စီတပ်က တိုက်ခိုက်သွားတယ်လို့ သိရပါတယ်။
ဖလမ်းမြို့နဲ့ မင်းတပ်မြို့ဟာ ချင်းညီနောင်အဖွဲ့ဝင်တွေ စစ်ရေးလှုပ်ရှားတဲ့မြို့တွေဖြစ်ပြီး ဒီနှစ် ၂၀၂၄ မကုန်မီ မြို့သိမ်းတိုက်ပွဲဆင်နွှဲမယ်လို့ ပြည်သူတွေကို အသိပေးထားပါတယ်။
ဓာတ်ပုံ – HKL Mindat
ပုံစာ – ဒီကနေ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာ မင်းတပ်မြို့ကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတဲ့ Y- 12 လေယာဥ်ကို တွေ့မြင်ရစဥ်