စက်ရုပ်မလေး ဖန်တီးရေးဆွဲခဲ့တဲ့ ပန်းချီကား ဒေါ်လာတစ်သန်းကျော်နဲ့ လေလံအောင်
အေဒါ (Ai-Da) လို့ အမည်ရတဲ့ စက်ရုပ်မလေး ဖန်တီးရေးဆွဲခဲ့တဲ့ ဗြိတိန်ကွန်ပျူတာ သိပ္ပံပညာရှင် အလန်ကျူရင်းရဲ့ ပန်းချီကားဟာ နိုဝင်ဘာ ၇ ရက်နေ့က ပြုလုပ်တဲ့ လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၈ သန်းနဲ့ လေလံအောင်ခဲ့တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။
“AI God: Portrait of Alan Turing”လို့ အမည်ပေးထားတဲ့ ပန်းချီကားကို နယူးယောက်မြို့က Sotheby’s လေလံပွဲမှာ လေလံတင်ရောင်းချခဲ့တာဖြစ်ပြီး လေလံဆွဲသူ ၂၇ ယောက်က အပြိုင်အဆိုင် လေလံဆွဲခဲ့ပါတယ်။ အဲဒီနောက် အမည်မဖော်လိုသူတစ်ဦးက အမေရိကန် ဒေါ်လာတစ်သန်းကျော်နဲ့ ဝယ်ယူသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ပန်းချီကားဟာ မူလကမျှော်မှန်းထားတဲ့ အမေရိကန်ဒေါ်လာ ၁၂၀,၀၀၀ ကနေ ၁၈၀,၀၀၀ ကြား ပမာဏထက် ပမာဏကျော်လွန်ခဲ့ပြီး စက်ရုပ်တွေ ဖန်တီးရေးဆွဲခဲ့တဲ့ ပန်းချီကားတွေထဲ တန်ဖိုးအမြင့်ဆုံး ရရှိခဲ့တဲ့ ပန်းချီကားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ဆံပင်အနက်ရောင်နဲ့ စက်လက်တွေ ပါဝင်တဲ့ လူပုံစံတူစက်ရုပ်မလေး အေဒါကို ဗြိတိန်ပြခန်းပိုင်ရှင် အေဒန်မီလ်လာ (Aidan Miller) က ၂၀၁၉ ခုနှစ်မှာ တီထွင်ဖန်တီးခဲ့တာဖြစ်ပြီး သူ (မ) ရဲ့ မျက်လုံးထဲက ကင်မရာတွေကို အသုံးပြုပြီး ပန်းချီတွေဆွဲနိုင်သလို ဉာဏ်ရည်တုနည်းပညာကို အသုံးပြုကာ လူတွေနဲ့လည်း ပြောဆိုဆက်သွယ်နိုင်ပါတယ်။
အခုဖန်တီးခဲ့တဲ့ ပန်းချီကားဟာ AI နည်းပညာရဲ့ ဖခင်ကြီးလို့ဆိုနိုင်တဲ့ အလန်ကျူရင်းကို ဂုဏ်ပြုရေးဆွဲခဲ့တာဖြစ်ပြီး တိုးတက်ပေါ်ပေါက်နေတဲ့ AI နည်းပညာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေး ပြောဆိုဖြစ်ကြဖို့ ရည်ရွယ်တာဖြစ်တယ်လို့ အေဒါက ဆိုပါတယ်။
“AI God: Portrait of Alan Turing” ဆိုတဲ့ ပန်းချီကားဟာ ဉာဏ်ရည်တုနည်းပညာ (AI) နဲ့ ကွန်ပျူတာတွေရဲ့ ဘုရားသခင်လိုဖြစ်နေတဲ့ သဘောသဘာဝကို စဉ်းစားမိစေပြီး ဒီတိုးတက်မှုရဲ့ ကျင့်ဝတ်ပိုင်းနဲ့ လူမှုရေးသက်ရောက်မှုတွေကိုပါ စဉ်းစားစေပါတယ်။ အလန်ကျူရင်းဟာ ဒီအလားအလာကို ကြိုပြီး သိမြင်ခဲ့ပြီး ကျွန်မတို့တွေ အနာဂတ်ဆီ အပြေးအလွှားသွားတာကို သူစောင့်ကြည့်နေမှာပါ” လို့လည်း သူ (မ) က ဆက်ပြောပါတယ်။
စက်ရုပ်ပိုင်ရှင် မစ္စတာ မီလ်လာကတော့ လူ့အဖွဲ့အစည်းထဲမှာ တကယ်ဖြစ်ပျက်နေတဲ့ အရာတွေကို ပြန်လည်သုံးသပ်ဖို့ အခြေအနေကောင်း ဖြစ်တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ဟာ ဆုံးဖြတ်ချက်ချတဲ့ သူတွေက လူသားတွေ မဟုတ်တော့တဲ့ လူသားအလွန် ကမ္ဘာကြီးဆီကို သွားနေကြပါတာပါ၊ ပိုပြီးယုံကြည်ရလာတဲ့အတွက် Algorithm တွေကို ပိုပြီးသုံးလာနေကြပါပြီ။ အေဒါရဲ့ အနုပညာလက်ရာဟာလည်း ကျွန်တော်တို့တွေ ရောက်ရှိသွားနိုင်တဲ့ အနာဂတ်ကို အမှန်တကယ် ပြသနေတာပါ”လို့လည်း သူက ဆက်ပြီး မှတ်ချက်ပေးပါတယ်။
အေဒါဟာ အလန်ကျူရင်းရဲ့ မျက်နှာတွေကို သီးခြားပန်းချီကား ၁၅ ချပ်မှာ ရေးဆွဲခဲ့တာဖြစ်ပြီး ပန်းချီကားတစ်ချပ်ကို ၆ နာရီကနေ ၈ နာရီလောက်အထိ အချိန်ယူရတယ်လို့လည်း သိရပါတယ်။ အဲဒီ ပန်းချီကားတွေထဲက သုံးကားကို အပြီးသတ်ရွေးချယ်ခဲ့ပြီး နောက်ခံကိုတော့ အလန်ကျူရင်းရဲ့ နာမည်ကျော် ဝှက်စာဖော်စက်ဖြစ်တဲ့ Bombe Machine ရဲ့ ပုံကိုပါ ထည့်သွင်းခဲ့တယ်လို့ ဆိုပါတယ်။
နောက်ဆုံးအချောသတ်ပုံဟာ အေဒါရဲ့ လက်နဲ့ ဆွဲနိုင်တဲ့ အရွယ်အစားထက် ကြီးနေတာကြောင့် 3D ပရင်တာနဲ့ ပိုကြီးတဲ့ ကင်းဗတ်စ ပေါ်မှာ ပုံနှိပ်ခဲ့တာဖြစ်ပြီး မူလပုံကို ဘာမှ ပြုပြင်ပြောင်းလဲ ထားတာမရှိဘူးလို့ လေလံပွဲ စီစဉ်တဲ့ Sotheby’s ဘက်က ပြောပါတယ်။
ဓာတ်ပုံ – Sotheby’s
ပုံစာ- စက်ရုပ်မလေး အေဒါနဲ့ သူ (မ) ရဲ့ ဒေါ်လာတစ်သန်းကျော်နဲ့ ရောင်းချခဲ့ရတဲ့ အလန်ကျူရင်း ပုံတူပန်းချီကားကို အတူတွေ့ရစဉ်
ကိုးကား- CNN