ရုံးပိတ်ရက် မှားယွင်းဖော်ပြလို့ စစ်ကောင်စီက ပြက္ခဒိန်ထုတ်ဝေသူ ခြောက်ဦးကို ခံဝန်ထိုးခိုင်းပြီး သတိပေး
နိုင်ငံတဝန်း ထုတ်ဝေ ဖြန့်ချိထားတဲ့ ပြက္ခဒိန်တွေထဲ အများပြည်သူရုံးပိတ်ရက်ကို အခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့အပြင် ၂၀၂၅ ခုနှစ် ဇွန်လ ၁၀ ရက်၊ စက်တင်ဘာ ၂၉ ရက်၊ ဒီဇင်ဘာလ ၄ ရက်နဲ့ ၂၉ ရက်တို့မှာ အများပြည်သူ ရုံးပိတ်ရက်အဖြစ် ထည့်သွင်းဖော်ပြခဲ့တဲ့ ပြက္ခဒိန်ထုတ်ဝေသူ ခြောက်ဦးကို စစ်ကောင်စီက ခေါ်ယူသတိပေးပြီး ခံဝန်ထိုးခိုင်းခဲ့တယ်လို့ စစ်ကောင်စီ သတင်းစာက နိုဝင်ဘာ ၁၀ ရက်နေ့မှာ ဖော်ပြထားပါတယ်။
အဲဒီလို ရုံးပိတ်ရက် မှားယွင်းဖော်ပြမှုနဲ့ ပတ်သက်ပြီး ရွှေနိုင်ငံပိုစတာနဲ့ စာပေဖြန့်ချိရေး၊ ရွှေဝါဝင်းစာပေ၊ အောင်မျိုးစာပေ၊ အစ္စလာမ့်မီးအိမ်စာပေတိုက်၊ မြတ်သဇင်စာပေနဲ့ ဆွေမဟာစာပေ ထုတ်ဝေသူတွေကို စစ်ကောင်စီက ခံဝန်ကတိ လက်မှတ်ထိုးခိုင်းခဲ့တာပါ။
လက်ရှိ ခရီးသွားရာသီအတွင်း ရုံးပိတ်ရက်တွေနဲ့ ချိန်ကိုက်ကာ ခရီးသွားလာမှုတွေရှိနေပြီး အခုလို အနားနီးမှ ရုံးပိတ်ရက် မဟုတ်ကြောင်း သိရတဲ့အတွက် ခရီးသွားပြည်သူတချို့ အခက်အခဲဖြစ်ခဲ့ရတယ်လို့ ပြည်တွင်းခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ရုံးပိတ်ရက် မဟုတ်တာကို နောက်ကျမှ သိရတဲ့အတွက် စရံအဆုံးခံပြီး ခရီးစဉ် ဖျက်တာတွေနဲ့ ပြည်တွင်းခရီးသွား ကားအငှားဝန်ဆောင်မှုလုပ်ငန်းတွေလည်း အခက်အခဲဖြစ်ခဲ့တယ်လို့ CJ Platform အနေနဲ့ စုံစမ်းသိရှိရပါတယ်။
ပြက္ခဒိန်ထုတ်ဝေသူတွေအနေနဲ့ စစ်ကောင်စီရဲ့ အမိန့်ကြော်ငြာစာနဲ့ ထုတ်ပြန်ထားတဲ့ ရုံးပိတ်ရက်တွေအပြင် စစ်ကောင်စီလက်အောက်ခံ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ ပညာရှင်တွေရေးဆွဲထားတဲ့ မြန်မာ-ရခိုင်-အင်္ဂလိပ် မူမှန်ပြက္ခဒိန်ပါ ရုံးပိတ်ရက်တွေကိုသာ အများပြည်သူရုံးပိတ်ရက်အဖြစ် ထုတ်ဝေရမယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဌာနက အသိပေးဖော်ပြထားပါတယ်။
ဓာတ်ပုံ – Pro SAC
ပုံစာ – စစ်ကောင်စီသတင်းစာမှာ ဖော်ပြထားတာကိုတွေ့ရစဉ်