ထရမ့်အင်ပါယာ ဘယ်သူတွေနဲ့ တည်ဆောက်မလဲ?
ဒေါ်နယ်ထရမ့်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၇ ယောက်မြောက် သမ္မတအဖြစ် တစ်ကျော့ပြန်ရွေးကောက်ခံလိုက်ရပြီးနောက်မှာ အစိုးရအဖွဲ့ဝင်တွေ ခန့်အပ်နိုင်ဖို့ လှုပ်ရှားနေပါတယ်။
ရွေးကောက်ခံရပြီး နှစ်ရက်အကြာမှာပဲ သူသမ္မတဖြစ်ရေး မဲဆွယ်စည်းရုံးရေးအဖွဲ့ ပူးတွဲ ဥက္ကဋ္ဌ ဆူဇီဝိုင်းလ်(Susie Wiles)ကို အိမ်ဖြူတော်အကြီးအကဲအဖြစ် ခန့်အပ်လိုက်ပါတယ်။ သူမဟာ အမေရိကန်ပြည်ထောင်စုသမိုင်းမှာ အဲဒီရာထူးကို ရယူခဲ့တဲ့ ပထမဦးဆုံး အမျိုးသမီး ဖြစ်လာမှာပါ။
ဒုတိယသမ္မတကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက အိုဟိုင်းအိုးပြည်နယ်က အထက်လွှတ်တော်အမတ် ဂျေဒီဗန့် (JD Vance)ကို ရွေးချယ်ခဲ့ပြီး ရီပတ်ဘလီကန်ပါတီညီလာခံမှာလည်း အတည်ပြုပြီးသား ဖြစ်ပါတယ်။ သူဟာ ထရမ့်ရဲ့ထောက်ခံမှုအပြင် ထရမ့်ကို ထောက်ခံသူ ကမ္ဘာ့အချမ်းသာဆုံးသူဋ္ဌေး အီလွန်မက် (Elon Musk)ရဲ့ ထောက်ခံမှုကိုပါ ရရှိထားပါတယ်။
ရီပတ်ဘလီကန်တွေ အသာရထားတဲ့ အထက်လွှတ်တော် ခေါင်းဆောင်နေရာကို လက်ရှိခေါင်းဆောင် မစ်ချ်မက်ကော်နယ် (Mitch McConnell)က ဝင်မပြိုင်တော့လို့ ရစ်ခ်စကော့ (Rick Scott) က ရေပန်းစားနေသလို ထရမ့်နဲ့ အီလွန်မက်ခ်တို့ နှစ်ယောက်လုံးကလည်း သူ့ကို ထောက်ခံထားကြပါတယ်။ ရစ်စကော့ကလည်း အထက်လွှတ်တော်ခေါင်းဆောင်နေရာအတွက် ထရမ့်တောင်းဆိုချက်တွေကို သဘောတူထားတယ်လို့လည်း သိရပါတယ်။
အောက်လွှတ်တော်မှာကတော့ အနိုင်ရဖို့ လိုအပ်တဲ့နေရာ ၂၁၈ နေရာမှာ ရီပတ်ဘလီကန်တွေက လက်ရှိအချိန်ထိ ၂၁၄ နေရာသာရရှိထားပြီး ကျန်ရှိတဲ့ မဲရလဒ်တွေကို ဆက်လက်စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။
တခြားအရေးပါတဲ့ ရာထူးနေရာတွေအတွက် ဒေါ့ဘာဂန်း (Doug Burgum)ကို စွမ်းအင်ဝန်ကြီးရာထူးအတွက် ခန့်အပ်နိုင်တယ်လို့ ထရမ့်ရဲ့ မဟာမိတ် အထက်လွှတ်တော်အမတ် ကီဗင်ခရေမာ (Kevin Kramer)က ပြောပါတယ်။
ဒါ့အပြင် ရှယ်ယာရင်းနှီးမြှုပ်နှံသူ ဂျွန်ပေါဆန် ဒါမှမဟုတ် စကော့ဘက်စ်ဆန့် (Scott Bessent) တို့ကို ဘဏ္ဍာရေးဝန်ကြီးရာထူးအတွက် ထရမ့်က အဆိုပြုထားပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့မှာပဲ ထရမ့်ရဲ့ မဟာမိတ်တွေက ကျန်းမာရေးနဲ့ လူသားဝန်ဆောင်မှု ဝန်ကြီးရာထူးအတွက် ရောဘတ်ကနေဒီဂျူနီယာ(Robert F. Kennedy Jr)အပါအဝင် တခြားထင်ရှားတဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့ ဖလော်ရီဒါပြည်နယ်ရဲ့ ဆေးဘက်ဆိုင်ရာအကြီးအကဲ ဒေါက်တာဂျိုးဇက်လာဒါပို (Dr. Joseph Ladapo)၊ လူဝစ်ဆီယားနားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဘော်ဘီဂျင်ဒယ် (Bobby Jindal) နဲ့ ကျန်းမာရေးနဲ့ လူသားဝန်ဆောင်မှုဌာနရဲ့ ဒုတိယအတွင်းရေးမှူးဟောင်းဖြစ်သူ အဲရစ်ဟာဂန် (Eric Hargan) တို့ကိုလည်း ထည့်သွင်းစဉ်းစားနေတယ်လို့ ဆိုပါတယ်။
အဲဒီနေ့မှာပဲ အထက်လွှတ်တော်အမတ် တွမ်ကော်တွန် (Tom Cotton) က အုပ်ချုပ်ရေးရာထူးတစ်ခုကို ငြင်းဆိုခဲ့သလို နိုဝင်ဘာ ၉ ရက်နေ့မှာတော့ ထရမ့်ရဲ့ အစိုးရအဖွဲ့ဝင်ဟောင်းတွေဖြစ်ကြတဲ့ နစ်ကီဟေလီ (Nikki Haley) နဲ့ မိုက်ပွန်ပီယို (Mike Pompeo)တို့ဟာ သူ့အစိုးရအဖွဲ့သစ်မှာ ပါဝင်မှာ မဟုတ်ဘူးလို့ ထရမ့်က ပြောဆိုခဲ့ပါတယ်။
အမျိုးသားလုံခြုံရေးဌာနရဲ့ ညွှန်ကြားရေးမှူးဟောင်း ဂျွန်ရတ်ကလစ် (John Ratcliffe) ကလည်း ရှေ့နေချုပ်ရာထူးအတွက် ဖြစ်နိုင်ခြေရှိသူတစ်ဦးအဖြစ် သတ်မှတ်ခံထားရတယ်လို့လည်း သိရပါတယ်။
နိုင်ငံရေးဗျူဟာမှူး စကော့ဂျန်းနင်း (Scott Jennings) ကိုလည်း သတင်းပြန်ကြားရေးအတွင်းရေးမှူး (ဒါမှမဟုတ်) ဆက်သွယ်ရေးညွှန်ကြားရေးမှူးရာထူးအတွက် ဖြစ်နိုင်ခြေတစ်ဦးအဖြစ် တင်ပြထားတယ် လို့ သိရပါတယ်။
ဒါ့အပြင် ထရမ့်ဟာ အီလွန်မက်ဦးဆောင်မယ့် “အစိုးရထိရောက်မှုကော်မရှင်” တစ်ရပ်ဖွဲ့စည်းဖို့လည်း ကတိပြုထားပါသေးတယ်။
လက်ရှိအချိန်အထိတော့ ထရမ့်အစိုးရအဖွဲ့မှာ အိမ်ဖြူတော်အကြီးအကဲနဲ့ ဒုတိယသမ္မတဖြစ်သူတို့သာ အတည်ခန့်အပ်ရသေးပြီး အခြားရာထူးနေရာတွေကိုတော့ တိတိကျကျရွေးချယ်ခန့်အပ်ထားတာမျိုး မရှိသေးပါဘူး။
ဓာတ်ပုံ – Jim Watson / AFP
ပုံစာ – ထရမ့်အစိုးရအဖွဲ့မှာ အိမ်ဖြူတော်အကြီးအကဲအဖြစ် ခန့်အပ်ခံရတဲ့ ဆူဇီဝိုင်းလ်ကို ထရမ့်နဲ့အတူ ဖလော်ရီဒါက West Palm ကမ်းခြေမှာ နိုဝင်ဘာ ၆ ရက်နေ့ကတွေ့ရစဉ်
ကိုးကား – Reuters, Wikipedia