အင်းစိန်က ရွာမအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းပေါ်ရှိ ရွာမအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဒီကနေ့ နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်မှာ Dark Shadow UG အဖွဲ့က အဝေးထိန်းမိုင်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Dark Shadow အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကရင်နီ(ကယား)ပြည်ရှိ တော်လှန်ရေးအင်အားစုတွေနဲ့ အတူတကွဖြစ်တယ်ဆိုတာကို ပြသလိုတာကြောင့် ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
“ကျွန်တော်တို့အနေနဲ့ အတူတကွရှိကြောင်းပြသတာပါ။ အခုလို အထိမ်းအမှတ်တွေမှမဟုတ်ပါဘူး။ ဒီကောင်(စစ်ကောင်စီ)တွေကို အခါအခွင့်သင့်တိုင်း တိုက်ခိုက်သွားမှာပါ” လို့ Dark Shadow အဖွဲ့ရဲ့ တာဝန်ခံ ရဲဘော်အရိပ်(ခ)ပန်ဒါက CJ Platform ကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေကိုတော့ မသိရှိရသေးဘဲ Dark Shadow အဖွဲ့ဝင်တွေအနေနဲ့ ဘေးကင်းစွာဆောင်ရွက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကလည်း ၁၀၂၇ စစ်ဆင်ရေးကို ဂုဏ်ပြုတဲ့အနေနဲ့ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းဆုံအနီး စစ်ကောင်စီရဲ့ အမှတ်-၉၈၁ တပ်ဂိတ်ကိုလည်း အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်