ရာသီလာနေတုန်း ခေါင်းလျှော်သင့်လား?

Author CJ Platform
Categories
Published on Nov 11, 2024

အမျိုးသမီးတွေအနေနဲ့ ရာသီလာနေတုန်း ခေါင်းလျှော်ရင် ရာသီထိမ်တတ်တယ်၊ လေဖြတ်တတ်တယ်၊ အသက်ဆုံးရှုံးတတ်တယ် စသဖြင့် ကြားဖူးကြမှာပါ။ ဒီတစ်ပတ် သိစေချင်လို့ အစီအစဉ်မှာတော့ ရာသီလာနေတုန်း ခေါင်းလျှော်တာက တကယ်ပဲ အပေါ်ကပြောခဲ့သလို ဆိုးကျိုးတွေ ဖြစ်စေနိုင်လား ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို အတူတူရှာကြည့်ကြပါမယ်။

 

“ရာသီသွေး ဖြစ်ပေါ်တဲ့ အကြောင်းအရင်း”

 

ရာသီသွေးဖြစ်ပေါ်တာဟာ အမျိုးသမီး သားအိမ်ထဲမှာ ရှိနေတဲ့ မ,မျိုးဥက သူတို့နဲ့ လာရောက်ပူးပေါင်းမဲ့ သုတ်ပိုး မရှိတဲ့အခါ ကြွေကျလာတဲ့ ဖြစ်စဉ်ပါ။ သားအိမ်ထဲမှာ ရာသီသွေးလာဖို့ လှုံ့ဆော်ပေးတဲ့ အက်စ်ထရိုဂျင် (Estrogen)နဲ့ ပရိုဂျက်စ်တီရုန်း(Progesterone)လို အမျိုးသမီးဟော်မုန်းဓာတ်တွေ ရှိပါတယ်။ ဒီဟော်မုန်းတွေကို ထိန်းချုပ်နေတာကတော့ ဦးနှောက်ထဲမှာရှိနေတဲ့ ဟိုက်ပိုသားလမတ်နဲ့ ပစ်ကျူတရီ ဂလန်းတွေ ဖြစ်ပါတယ်။ သူတို့ကတစ်ဆင့် အဆင့်ဆင့် အချက်ပြညွှန်ကြားပြီး သားအိမ်ထဲက ရာသီလာတဲ့ဖြစ်စဉ် လှုံ့ဆော်ပေးတဲ့ ဟော်မုန်းတွေကို အလုပ်လုပ်စေတာပါ။ ဒါကြောင့် ရာသီလာတဲ့ဖြစ်စဥ်ကို အဓိက ထိန်းချုပ်နေတာဟာ ဟော်မုန်းတွေလို့ မှတ်ယူနိုင်ပါတယ်။

 

“ရာသီလာနေတုန်း ခေါင်းလျှော်တာက ကိုက်ခဲ၊ နာကျင်တာတွေ ဖြစ်စေတတ်လား?”

 

အမျိုးသမီးအများစုဟာ ရာသီမလာခင် တစ်ပတ်ခန့်နဲ့ သွေးစဆင်းပြီး လေး၊ ငါးရက် ၀န်းကျင်အထိ ကိုယ်လက် မအီမသာဖြစ်တာ၊ နာကျင်ကိုက်ခဲတာက အစ စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတာ၊ စိတ်ဆတ်လွယ်တာမျိုးတွေ ခံစားရလေ့ရှိပါတယ်။ ဒါကို ရာသီမလာခင် ခံစားရလေ့ရှိတဲ့ ရောဂါလက္ခဏာတွေ(Premenstrual Syndrome) လို့ ခေါ်ပါတယ်။ ဒီလိုဖြစ်ရတာဟာ ခန္ဓာကိုယ်တွင်း ဟော်မုန်း အပြောင်းအလဲတွေကြောင့်ဖြစ်ပြီး ခန္ဓာကိုယ်ပြင်ပက ခေါင်းလျှော်တာနဲ့ သက်ဆိုင်မှု မရှိပါဘူး။ ခေါင်းလျှော်တာပဲဖြစ်ဖြစ်၊ မလျှော်တာပဲဖြစ်ဖြစ် ဒီလိုဝေဒနာတွေ ခံစားရနိုင်ပါတယ်။ ကိုယ်လက်သန့်စင်လိုက်တဲ့အတွက် ကိုယ်လက်မအီမသာ ဖြစ်နေတာတွေတောင် သက်သာစေပြီး လန်းဆန်းသွားစေနိုင်ပါတယ်။

 

“ရာသီလာနေတုန်း ခေါင်းလျှော်တာက ရာသီစက်၀န်းအပေါ် သက်ရောက်မှုရှိလား?”

 

ရာသီလာနေတုန်း ခေါင်းလျှော်ရင် ရာသီထိမ်တတ်တယ်၊ အလာစောစေတယ်၊ ရာသီ စက်၀န်းတိုစေတယ်၊ ရှည်စေတယ်၊ ပမာဏ များစေတယ်၊ နည်းစေတယ် ဆိုတာတွေအတွက် သက်သေပြနိုင်တဲ့ သိပ္ပံနည်းကျ အချက်အလက်တွေ မရှိပါဘူး။

 

ဒါပေမဲ့ အမျိုးသမီးတွေအနေနဲ့ ရာသီလာနေတုန်း ခေါင်းလျှော်အပြီး ရာသီထိမ်သွားတာဖြစ်ဖြစ်၊ အပေါ်ကပြောခဲ့တဲ့ ဖြစ်စဉ်တွေ ကြုံဖူးကြမှာပါ။ ဖြစ်နိုင်ခြေကတော့ အရင်က သိထားတဲ့ ရာသီနေတုန်း ခေါင်းလျှော်တာရဲ့ ဆိုးကျိုးတွေကို တွက်ဆစိုးရိမ်မိပြီး‌ ဟော်မုန်းတွေကို ကမောက်ကမ ဖြစ်စေတာ၊ ဒါမှမဟုတ် စိတ်ဖိစီးမှုများတာ၊ ဟော်မုန်းဆေးတွေ သောက်နေရတာ၊ သန္ဓေတားဆေး သောက်နေရတာ စတဲ့ ဟော်မုန်းတွေကို ကမောက်ကမဖြစ်စေမယ့် တခြားတစ်ခုခု ကြုံတွေ့ရတာမျိုးကြောင့် ဖြစ်နိုင်ပါတယ်။

 

သားအိမ် ဒါမှမဟုတ် ရာသီသွေးဆင်းကျမဲ့ လမ်းကြောင်းမှာ ပြဿနာ တချို့ရှိနေရင်လည်း ရာသီသွေးပမာဏ အနည်း၊ အများကို သက်ရောက်မှုရှိစေပါတယ်။ တချို့အမျိုးသမီးတွေဆို ခရီးသွားတာ၊ စာမေးပွဲရက်နီးလာတာကြောင့်နဲ့ပဲ စိတ်လှုပ်ရှားပြီး ဓမ္မတာပမာဏ များလာ၊ နည်းလာ၊ မလာတော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။

 

သေချာတာကတော့ ခန္ဓာကိုယ် ပြင်ပကနေ ပြုလုပ်လိုက်တဲ့ ခေါင်းလျှော်တာလေး တစ်ခုတည်းကြောင့်တော့ ခန္ဓာကိုယ်တွင်းက ရာသီလာတဲ့ ဖြစ်စဉ်ကို ထိန်းချုပ်နေတဲ့ ဟော်မုန်းတွေကို ကြီးကြီးမားမားသက်ရောက်မှု မရှိနိုင်ပါဘူး။ ဒါကြောင့် ရာသီလာနေတုန်းခေါင်းလျှော်တာက ရာသီစက်၀န်းအပေါ်  သက်ရောက်မှု မရှိပါဘူး။

 

“ရာသီလာနေတုန်း ခေါင်းလျှော်ရင် လေဖြတ်တတ်လား?”

 

လေဖြတ်တယ်ဆိုတာ ဦးနှောက်ထဲက သွေးကြောလေးတွေ စီးဆင်းမှုရပ်တန့်သွားလို့ ဖြစ်ရတာပါ။ သွေးကြောပိတ်တာ ဒါမှမဟုတ် သွေးကြောပေါက်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပုံမှန်အခြေအနေမှာ ရာသီလာနေတုန်း ခေါင်းလျှော်တာလေးက ဒီသွေးကြောစီးဆင်းမှုကို ဘာမှ အဟန့်အတားမဖြစ်စေနိုင်ပါဘူး။ ဒါပေမဲ့ စာဖတ်သူတို့ ပတ်၀န်းကျင်မှာ ရာသီလာနေတုန်း ခေါင်းလျှော်အပြီး လေဖြတ်သွားတာ၊ အသက်ဆုံးရှုံးသွားတာတွေ ကြားဖူးကြမှာပါ။ တကယ်တော့ ခေါင်းလျှော်လိုက်လို့ ထိခိုက်သွားတာမဟုတ်ဘဲ နဂိုကတည်းက ဖြစ်စေမယ့်အကြောင်းအရာတွေစုပေါင်းပြီး အကြောင်းတိုက်ဆိုင်သွားတဲ့ သဘောပါပဲ။ သွေးအတွင်း အဆီများနေတာ၊ အ၀လွန်တာ၊ ဆေးလိပ်၊ အရက်သောက်တာ စသဖြင့် လေဖြတ်စေမယ့် အခြေခံအကြောင်းအရာတွေ နဂိုတည်းက ရှိပြီးသားကိုမှ ခေါင်းလျှော်လိုက်တာနဲ့ ကြုံသွားတာမျိုးပေါ့။ တချို့အမျိုးသမီးငယ်လေးတွေဆိုလည်း အပေါ်ကပြောထားတဲ့ အချက်တွေ မရှိပါဘဲ အသက်ဆုံးရှုံးတာမျိုး ရှိတတ်ပါတယ်။ အကြောင်းအရင်းကတော့ နဂိုတည်းက သွေးကြောထုံးနေတာဖြစ်ဖြစ်၊ အပြင်မှာ လက္ခဏာကြီးကြီးမားမား မပြရင်တောင် ဦးနှောက်တွင်း သွေးစီးဆင်းမှုမှာ ပြဿနာတစ်စုံတစ်ရာ ရှိပြီးသားကြောင့် ဖြစ်နိုင်ပါတယ်။

 

“ရာသီလာနေတုန်း ခေါင်းလျှော်တာက မျိုးပွားခြင်းဆိုင်ရာ ပြဿနာတွေ ဖြစ်စေနိုင်လား?”

 

တချို့ဆို ရာသီလာနေတုန်း ခေါင်းလျှော်ရင် ကိုယ်၀န်မဆောင်နိုင်ဘူး၊ မီးဖွားတဲ့အခါ ပိုနာကျင်ခံစားရတတ်တယ် စသဖြင့် မျိုးပွားမှုနဲ့ဆိုင်တဲ့ ပြဿနာတွေ ဖြစ်စေတယ်လို့တောင် ပြောကြပါတယ်။ ဒါကလည်း သိပ္ပံနည်းကျ သက်သေပြထားတာမရှိသေးတဲ့ အချက်အလက်အမှားတစ်ခုပါ။ ရှေးတုန်းကတော့ မြစ်ဆိပ်မှာဖြစ်စေ၊ အများသုံးရေချိုးကန်တွေမှာဖြစ်စေ ကိုယ်လက်သန့်စင် ရေချိုးကြတာကြောင့် ရေက မသန့်ရှင်းတော့ဘဲ မျိုးပွားမှုကို ပြဿနာဖြစ်စေတဲ့ ရောဂါပိုးတွေ ကူးစက်ခံရတတ်ပါတယ်။ ဒါကြောင့် ရာသီလာနေတုန်း ရေမချိုးသင့်ဘူး၊ ခေါင်းမလျှော်သင့်ဘူး စသဖြင့် အဆင့်ဆင့် လက်ဆင့်ကမ်းလာတာ ဖြစ်နိုင်ပါတယ်။ ဒီနေ့ခေတ်မှာတော့ သီးသန့် ရေချိုးခန်း၊ ရေချိုးကန်တွေနဲ့ ရေကောင်းရေသန့်တွေ ရရှိနိုင်တာကြောင့် ဒီပြဿနာကို စိုးရိမ်စရာမရှိတော့ပါဘူး။

 

“ရာသီလာနေတုန်း ခေါင်းလျှော်ရင် ဘာတွေသတိထားဖို့ လိုမလဲ?”

 

ရာသီလာနေတုန်းမှာ သွေးနီဥလေးတွေ ဆုံးရှုံးတာကြောင့် ပုံမှန်အချိန်ထက် သွေးအားနည်းနေပါတယ်။ ဒါကြောင့် ပုံမှန်အချိန်ထက် ပင်ပန်းလွယ်တာ၊ ဖျားနာလွယ်တာတွေ ဖြစ်တတ်ပါတယ်။ ရာသီလာနေတုန်း ခေါင်းလျှော်မယ်ဆိုရင်တော့ အဖျားအနာမ၀င်အောင် ရေမြန်မြန်ချိုး၊ ခေါင်းမြန်မြန်သုတ်၊ ခြောက်အောင် သေချာသုတ်ပေးသင့်ပြီး နွေးနွေးထွေးထွေး နေသင့်ပါတယ်။ ခေါင်းလျှော်လို့ အဖျားအနာဖြစ်စေတာမဟုတ်ဘဲ အားနည်းနေတဲ့ အချိန်နဲ့ ကြုံပြီး အဖျားအနာဖြစ်တတ်လို့ ဂရုစိုက်သင့်တဲ့ သဘောပါပဲ။

 

ဒီလောက်ဆိုရင်တော့ ရာသီလာနေတုန်း ခေါင်းလျှော်သင့်လားဆိုတဲ့ အမေးအတွက် အဖြေရသွားပြီလို့ ထင်ပါတယ်။ နောက်အပတ်မှာ ပြန်ဆုံကြပါမယ်။

 

References:

Jain, A. (2023, May 26). Hair wash during period is harmful – Myth or fact? The Channel 46: Uncomplicating Health and Beauty for Indian Women. https://www.thechannel46.com/health/menstruation/myth-busters-hair-wash-during-period-is-harmful/

 

Win, H. H. Z. (2023, December 21). ရာသီလာချိန် ခေါင်းလျှော်ရင် ဘာဖြစ်တတ်သလဲ. Hello Sayarwon. https://hellosayarwon.com/womens-health/menstruation/what-happen-when-you-wash-your-hair-during-periods/

 

  1. AUNG. (2023, October 8). ရာသီလာချိန် ခေါင်းလျှော်လို့ရလား❓ဦးနှောက်သွေးကြောပေါက်တာ၊ လေဖြတ်စေတာ တကယ်ပဲလား❓ [Video]. YouTube. https://www.youtube.com/watch?v=zXQEs5c5PEk

From The Wellness Corner – https://images.app.goo.gl/EyNyjRA5beqxbQmA8