အိန္ဒိယ၊ မီဇိုရမ်မှာ မြန်မာစစ်ဘေးရှောင်နေအိမ် ဖောက်တွင်းခံရပြီး ငွေနဲ့ ဖုန်း ခိုးယူခံရ

Author ဆလိုင်း
Categories
Published on Oct 11, 2024

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့၊ စျေးရပ်ကွက်မှာ  အိမ်ငှားနေထိုင်တဲ့ မြန်မာစစ်ဘေးရှောင် နေအိမ်တစ်လုံး ဒီကနေ့ အောက်တိုဘာလ ၁၁ ရက် မနက် ၅ နာရီဝန်းကျင်မှာ ဖောက်တွင်းခံရပြီး ငွေနဲ့ ဖုန်း ခိုးယူခံရတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

 

အိမ်ဖောက်တွင်းခံရတဲ့ အိမ်ရှင်တွေဟာ ချင်းပြည်၊ ထန်တလန်မြို့ကနေ စစ်ဘေးရှောင်လာတဲ့ အသက် ၆၃ နှစ်အရွယ် ဒေါ်နှောမ်အီယာန်းနဲ့ အသက် ၆၅ နှစ်အရွယ် ဒေါ်ဗျက်ပါရ် ညီအစ်မတို့ နေထိုင်တဲ့ နေအိမ်လို့ စုံစမ်းသိရှိရပြီး မိသားစုဝင်အချို့ ဘုရားဝတ်ပြုဖို့အတွက် ဘုရားကျောင်းကို အသွား ဖောက်ထွင်း ခိုးခံရတာလို့ ဆိုပါတယ်။

 

“မနက်အစောကြီးဆိုတော့ ဘယ်သူမှ အိပ်ရာထတဲ့အချိန် မဟုတ်သေးဘူးလေ။ အစ်မကလည်း အသက်ကြီးတော့ သူခိုးဝင်လာတာ အသံတွေ မသိလိုက်ဘူး။ ဆေးခန်းပြဖို့ထားတဲ့ ငွေနဲ့ ဖုန်းတစ်လုံး ပါသွားတယ်”လို့ ဒေါ်ဗျက်ပါရ်က ဆိုပါတယ်။

 

အခိုးခံရစဥ်က ယူသွားတဲ့ မြန်မာငွေနဲ့ ဘဏ်ကတ်ကို အိမ်နားမှာ ပြန်လည်ထားရှိခဲ့ပေမဲ့ အိန္ဒိယ ရူပီ (၁၅,၀၀၀) (မြန်မာ ၁၀ သိန်းဝန်းကျင်)ကျော်နဲ့ ဖုန်းတစ်လုံး ခိုးယူသွားတယ်လို့ သိရပါတယ်။

 

“ပိုက်ဆံ အခိုးခံရတုန်းက အိမ်အနီးနားဝန်းကျင်မှာ လိုက်ရှာသေးတယ်။ အဲဒီမှာ မြန်မာငွေ (၁၀) သိန်းနဲ့ ဘဏ်ကတ်ကိုတော့ ပြန်ထားတာ တွေ့ရတယ်။ အိန္ဒိယ ရူပီနဲ့ ဖုန်းကတော့ ပြန်မရဘူး” လို့ ဒေါ်ဗျက်ပါရ်က CJ Platform ကို ပြောပါတယ်။

 

ပြီးခဲ့တဲ့ စက်တင်ဘာလ လကုန်ပိုင်းကလည်း လောင်တလိုင်မြို့၊ ကျာန်မာရီရပ်ကွက်မှာ နေထိုင်ကြတဲ့ မြန်မာစစ်ဘေးရှောင် နေအိမ်နှစ်လုံး ဖောက်တွင်းခံရတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

လောင်တလိုင်မြို့ဟာ အိန္ဒိယ-မြန်မာနယ်စပ်မှာတည်ရှိပြီး ချင်းပြည်မှ မြန်မာစစ်ဘေးရှောင် ၁၀,၀၀၀ ကျော် နေထိုင်တဲ့ မြို့ဖြစ်ပါတယ်။

 

ဓာတ်ပုံ – ပေးပို့

 

ပုံစာ – ဖောက်တွင်းခံရတဲ့ စစ်ဘေးရှောင်နေအိမ်