ထိုင်းက မြန်မာ့အရေး ဆွေးနွေးပွဲ လက်ခံကျင်းပပေးမယ်၊ လက်ရှိနဲ့ လာမယ့် အာဆီယံ ဥက္ကဋ္ဌတို့ ထောက်ခံ

Author အဂ္ဂ
Categories
Published on Oct 11, 2024

ထိုင်းနိုင်ငံဘက်က မြန်မာနိုင်ငံရဲ့ အကျပ်အတည်း ဖြေရှင်းဖို့ အလွတ်သဘော ဆွေးနွေးပွဲကို လာမယ့် ဒီဇင်ဘာလမှာ လက်ခံကျင်းပပေးဖို့ ကမ်းလှမ်းလိုက်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောဆိုချက်ကို ကိုးကားပြီး ဒေသတွင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

 

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒက်ဂျ် ဘလန်ကားက “ကျွန်တော်တို့ရဲ့ အဆိုပြုချက်ကို လာအို (လက်ရှိ အာဆီယံဥက္ကဋ္ဌ)နဲ့ မလေးရှား (နောက်လာမယ့် ဥက္ကဋ္ဌ) တို့က ထောက်ခံထားတာကြောင့် ဒီအလွတ်သဘော ဆွေးနွေးပွဲ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်” လို့ လက်ရှိ လာအိုနိုင်ငံမှာကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေး ပထမနေ့မှာ အွန်လိုင်းကနေပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာလည်း ဖြစ်ပါတယ်။

 

အာဆီယံခေါင်းဆောင်တွေအနေနဲ့ မြန်မာ့အရေးဟာ အဓိကစိုးရိမ်စရာဖြစ်နေတယ်လို့ သဘောတူကြပြီး အဖွဲ့ဝင်နိုင်ငံတိုင်းက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည်ရရှိစေချင်ကြတယ်လို့ ဆိုပါတယ်။

 

“အထူးသဖြင့် တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အရှိန်လျှော့ချပြီး အရပ်သားတွေကို ပစ်မှတ်ထားတာ ရပ်တန့်ဖို့ တိုက်တွန်းခဲ့ပါတယ်” လို့ မစ္စတာ နီကွန်ဒက်ဂျ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

 

အာဆီယံအတွင်းရေးမှူးချုပ် ကော်ကင်ဟွန်းကတော့ “မြန်မာ့အရေးက အရမ်းရှုပ်ထွေးပြီး ကျယ်ပြန့်တဲ့ ကိစ္စပါ။ မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မယ်လို့ မမျှော်လင့်သင့်ပါဘူး” လို့ ပြောပါတယ်။

 

ဒါ့အပြင် “အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုကို ဆက်လက်လုပ်ဆောင်သွားမှာပါ။ အချိန်နဲ့ စိတ်ရှည်သည်းခံမှု လိုအပ်ပါတယ်” လို့လည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

 

ဒါပေမဲ့ အာဆီယံအနေနဲ့ ၂၀၂၁ အာဏာသိမ်းပြီးနောက် ရေးဆွဲခဲ့တဲ့ ဘုံသဘောတူညီချက် ငါးချက်ဟာ တိုးတက်မှု သိပ်မရှိသေးပါဘူး။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီသဘောတူညီချက်ကို လက်ခံထားပေမဲ့ လက်တွေ့မှာတော့ လျစ်လျူရှုထားပါတယ်။ စစ်အစိုးရအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ဆွေးနွေးဖို့ တောင်းဆိုမှုတွေကိုလည်း ငြင်းဆန်နေဆဲပါ။

 

လက်ရှိ မြန်မာနိုင်ငံသား ၁၈ ဒသမ ၆ သန်း(လူဦးရေရဲ့ သုံးပုံတစ်ပုံကျော်)ဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်နေပါတယ်။ စစ်အစိုးရကတော့ နယ်မြေအများအပြားကို ဆုံးရှုံးနေပေမဲ့ လာမယ့်နှစ်မှာ ရွေးကောက်ပွဲကျင်းပဖို့ ဆက်လက်ပြင်ဆင်နေဆဲဖြစ်ပြီး ဒီရွေးကောက်ပွဲကို အများစုက အဓိပ္ပာယ်မရှိတဲ့ ပွဲလို့ ရှုမြင်နေကြပါတယ်။

 

ကော်ကင်ဟွန်းက “အာဆီယံအနေနဲ့ မြန်မာပြည်တွင်း ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့အားလုံးနဲ့ ပါဝင်ဆွေးနွေးဖို့ ဆက်လက်တိုက်တွန်းသွားမှာပါ။ တစ်ချိန်တည်းမှာပဲ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးတာတွေကိုလည်း တိုးမြှင့်သွားမယ်” လို့ ပြောကြားခဲ့ပါတယ်။

 

ဓာတ်ပုံ – MFA of Thailand

 

ပုံစာ – ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒက်ဂျ်ဘလန်ကား (ပုံဟောင်း)

 

ကိုးကား – Bangkok Post