ဖျက်သိမ်းခံ Move Forward Party က People’s Party ဆိုပြီး အသစ်ဖွဲ့စည်း၊ ၂၀၂၇ ရွေးကောက်ပွဲမှာ တစ်ပါတီတည်း အစိုးရဖွဲ့နိုင်ဖို့ ကြိုးပမ်းမယ်

Author အဂ္ဂ
Categories
Published on Aug 10, 2024

ထိုင်းနိုင်ငံရဲ့ လက်ရှိအာဏာရညွှန့်ပေါင်းအစိုးရရဲ့ အဓိက အတိုက်အခံအပါတီဖြစ်တဲ့ Move Forward Party (MFP) ကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဩဂုတ်လ ၇ ရက်နေ့မှာ ဖျက်သိမ်းပြီးတဲ့နောက် MFP က လူဟောင်းတွေနဲ့ အသစ်ပြန်ဖွဲ့လိုက်တဲ့ ပြည်သူ့ပါတီ (People’s Party) ဟာ ၂၀၂၇ ခုနှစ်မှာလည်း အနိုင်ရဖို့ မျှော်လင့်ထားတယ်လို့ ထိုင်းဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

MFP ဟာ ဘုရင်ကို တိုင်းပြည်ရဲ့ ဥသျှောင်အဖြစ်ထားရှိတဲ့ ဒီမိုကရေစီစနစ်ကို ထိခိုက်ပျက်ပြားစေတယ် ဆိုတဲ့ စွဲချက်တွေနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရပြီးတဲ့နောက် ပါတီလည်း ဖျက်သိမ်းခံရသလို ပါတီခေါင်းဆောင်တွေကို နိုင်ငံရေးလုပ်ခွင့် ဆယ်နှစ်ပိတ်ပင်ခံခဲ့ရတာကြောင့် ပြည်သူ့ပါတီကို ကျန်ရှိနေတဲ့ လွှတ်တော်အမတ် ၁၄၃ ဦးနဲ့ ပြောင်းလဲဖွဲ့စည်းခဲ့တာပါ။

 

နောက်သုံးနှစ်အကြာ ၂၀၂၇ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာလည်း အဓိကအတိုက်အခံပါတီအဖြစ်ရှိနေမယ့် ပြည်သူ့ပါတီဟာ တစ်ပါတီအစိုးရဖွဲ့နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ အသစ်ရွေးကောက်ခံရတဲ့ ပါတီခေါင်းဆောင်လည်းဖြစ်သူ နာထာပွန် ရူအန်ပန်ရာဝပ် (Natthaphong Ruengpanyawut)က ဆိုပါတယ်။

 

“ဒီမိုကရေစီနိုင်ငံရေးစနစ်တစ်ခုမှာ အရေးအပါဆုံးနဲ့ အခိုင်မြဲဆုံးအဖွဲ့အစည်းဟာ တိုင်းပြည်အုပ်ချုပ်ရေးမှာ အမြင့်ဆုံး အာဏာကို ကိုင်ဆောင်ထားတဲ့ ပြည်သူတွေပဲ ဖြစ်ပါတယ်” လို့ ပြည်သူ့ပါတီက သူတို့ပါတီလိုဂိုနဲ့ ပါတီနာမည်သစ်ကို Facebook လူမှုကွန်ရက်မှာ ကြေညာစဉ်မှာ ရေးသားခဲ့ပါတယ်။ ပါတီရဲ့ တရားဝင် Website ကိုတော့ ဖန်တီးနေဆဲဖြစ်ပါတယ်။

 

ပါတီဟာ ပြည်သူတွေထဲက ပေါက်ဖွားလာတဲ့ ပြည်သူတွေအတွက်ပါတီဖြစ်ပြီး တိုင်းပြည်ရဲ့ အမြင့်ဆုံး အာဏာကို ပြည်သူတွေကပဲ ပိုင်ဆိုင်နိုင်မယ့် ထိုင်းနိုင်ငံကို ဖန်တီးသွားမယ်လို့လည်း ဆိုထားပါတယ်။

 

အသက် ၃၇ နှစ်အရွယ် မစ္စတာ နာတာပွန်က ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ MFP ကို မဲအရေအတွက် ၁၄ ဒသမ ၄ သန်းအထိ ရရှိစေခဲ့တဲ့ အဓိကပေါ်လစီတွေအတိုင်းဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့နှစ်ရွေးကောက်ပွဲမှာ MFP ရရှိခဲ့တဲ့ မဲအရေအတွက်ဟာ လက်ရှိအာဏာရ ညွှန့်ပေါင်းအစိုးရကို ဦးဆောင်နေတဲ့ ဖြူထိုင်း (Pheu Thai) ပါတီထက် ၃ ဒသမ ၅ သန်းကျော် ပိုမိုရရှိခဲ့တာလည်း ဖြစ်ပါတယ်။

 

“အခုအချိန်ကစလို့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဟာ ၂၀၂၇ ခုနှစ်မှာ အစိုးရအပြောင်းအလဲတစ်ရပ်ကို ဖော်ဆောင်ဖို့ပဲ ဖြစ်ပါတယ်” လို့ သူက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

 

ဒါ့အပြင် သူတို့ရည်မှန်းချက်ထဲမှာ MFP ကို ဖျက်သိမ်းစေခဲ့တဲ့ အကြောင်းရင်းထဲမှာ ပါဝင်ခဲ့တဲ့ ဘုရင်စနစ်ကို အကာအကွယ်ပေးထားတဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၁၂(သို့)lese-majeste law ကို ပြင်ဆင်ဖို့ဆိုတဲ့အချက်လည်း ဆက်လက်ပါဝင်တယ်လို့လည်း သိရပါတယ်။

 

“ဒီဥပဒေဟာ အခြားသူတွေအပေါ်မှာ အာဏာအလွဲသုံးစားလုပ်ဖို့အတွက် အသုံးပြုတဲ့ နိုင်ငံရေးလက်နက် မဟုတ်ဘူးဆိုတာကို သေချာစေဖို့အတွက် ပုဒ်မ ၁၁၂ ကိုပြင်ဆင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သတိလက်လွတ်တော့ ပြုမူဆောင်ရွက်သွားမှာ မဟုတ်ပါဘူး။” လို့ မစ္စတာ နာတာပွန်က ဆိုပါတယ်။

 

“ပြဿနာတွေရှိနေဆဲဖြစ်ပေမဲ့လည်း ဒီဥပဒေ တိုးတက်ပြောင်းလဲလာအောင်၊ ပြင်ဆင်လာအောင် ကျွန်တော်တို့ တွန်းအားပေးလုပ်ဆောင်သွားမှာပါ” လို့လည်း သူက ဆက်ပြောပါတယ်။

 

MFP ရဲ့ ဒုတိယအထွေထွေအတွင်းရေးမှူးဟောင်းလည်းဖြစ် စာရင်းဝင် လွှတ်တော်အမတ်တစ်ဦးလည်း ဖြစ်တဲ့ မစ္စတာ နာတာပွန်ကို ကြာသပတေးနေ့ညမှာ ပြုလုပ်ခဲ့တဲ့ လွှတ်တော်အမတ်တွေရဲ့ အစည်းအဝေးမှာ ပါတီအသစ်ရဲ့ ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

 

သူ့ကိုအခုလိုရွေးချယ်လိုက်မှုဟာ MFP ရဲ့ ဒုတိယခေါင်းဆောင်ဖြစ်တဲ့ သီရိကန်ယာ တန်ဆာခွန် (Sirikanya Tansakun) ကို ခေါင်းဆောင်သစ်ဖြစ်လာမယ်လို့ မျှော်လင့်ထားကြတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူအများစု အတွက်ကတော့ တကယ့်ကို အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။

 

ဒါပေမဲ့ အသက် (၄၃) နှစ်အရွယ် စီးပွားရေးပညာရှင်တစ်ဦးဖြစ်တဲ့ မစ္စတန်ဆာခွန်ကတော့ သူ(မ)ဟာ ခေါင်းဆောင်အသစ်ရာထူးရယူဖို့ မျှော်မှန်းထားခြင်းမရှိကြောင်း၊ မစ္စတာနာတာပွန်ကိုလည်း ခေါင်းဆောင်သစ် ရာထူးအတွက် သူ(မ) ကိုယ်တိုင်ပဲ အဆိုပြုခဲ့တာဖြစ်ကြောင်းကို ယမန်နေ့ ဩဂုတ် ၉ ရက်နေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ မစ္စတန်ဆာခွန်ဟာ ပြည်သူ့ပါတီမှာလည်း ဒုတိယခေါင်းဆောင်ရာထူးကို ဆက်လက်တာဝန်ယူမှာလည်း ဖြစ်ပါတယ်။

 

ဒါ့အပြင် ပြည်သူ့ပါတီဟာ ပါတီခေါင်းဆောင်ဖြစ်သူ မစ္စတာနာတာပွန်၊ အထွေထွေအတွင်းရေးမှူး ဆရာရွတ်ဂျိုင်လတ် (Sarayoot Jailak)၊ ဘဏ္ဍာရေးမှူး ချူတီမာခေါ့ချာဖန်း (Chutima Khotchaphan)၊ မှတ်ပုံတင်အရာရှိ နာတာဝပ် ဘူအာပရာချွန် (Natthawut Buaprachum) နဲ့ ဖိချန် ချောင်ပတ်တဝန် ( Picharn Chaopattanawong) တို့ငါးဦးပါဝင်တဲ့ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။

 

မစ္စတာနာတာပွန်ဟာ ချူလာလောင်ကွန်းတက္ကသိုလ်ကနေ ကွန်ပျူတာအင်ဂျင်နီယာဘွဲ့ရရှိထားသူဖြစ်ပြီး အချက်အလက်သိမ်းဆည်းမှုတွေကို ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Absolute Management Solutions ကုမ္ပဏီမှာလည်း အမှုဆောင်အရာရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူပါ။

 

သူဟာ ၂၀၁၉ ခုနှစ်မှာ Future Forward ပါတီနဲ့အတူ နိုင်ငံရေးလောကထဲ ခြေချလာခဲ့ပြီး အဲဒီပါတီကတော့ နိုင်ငံရေးပါတီတွေကို လှူဒါန်းမှုတွေပြုလုပ်တယ်ဆိုတဲ့ စွဲချက်နဲ့ ၂၀၂၀ ခုနှစ်ထဲမှာပဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးရဲ့ ဖျက်သိမ်းခြင်း ခံလိုက်ရပါတယ်။

 

Future Forward ပြီးနောက် ပြန်လည်ဖွဲ့စည်းခဲ့တဲ့ MFP ဟာလည်း ထပ်မံဖျက်သိမ်းလိုက်ရတဲ့အတွက် နောက်ဆုံးအနေနဲ့ ပြည်သူ့ပါတီကို အသစ်ထပ်မံဖွဲ့စည်းခဲ့တာလည်း ဖြစ်ပါတယ်။

 

အခုဖွဲ့စည်းထားတဲ့ ပါတီရဲ့ အရောင်ဟာ ရှေ့ပါတီတွေမှာ အသုံးပြုခဲ့တဲ့ အကျွမ်းတဝင်ဖြစ်ပြီးသား လိမ္မော်ရောင်နဲ့ ပိရမစ်ပုံစံလိုဂိုကိုပဲ နောက်ပုံစံတစ်မျိုးပြောင်းပြီး ဆက်လက်သုံးစွဲထားတာလည်း ဖြစ်ပါတယ်။

 

အခုလက်ရှိ ပြည်သူ့ပါတီရဲ့ အမှတ်တံဆိပ်အဖြစ် အသုံးပြုထားတဲ့ ပိရမစ်ဇောက်ထိုး ပုံစံဟာ အုပ်စိုးသူ လူတန်းအနည်းငယ်ထက် ပြည်သူလူထုတွေက ပိုမိုမြင့်မားများပြားတယ်ဆိုတာကို ကိုယ်စားပြုထားတာဖြစ်ပြီး အရည်အသွေးနဲ့ ခေတ်ဆန်မှုတို့ကိုလည်း ထင်ဟပ်နေတယ်လို့ သိရပါတယ်။

 

ပြည်သူ့ပါတီဟာ ပါတီဝင်တွေဆီကနေ လာမယ့် ဩဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ပါတီရံပုံငွေ ဘတ် ၁၀ သန်းကောက်ခံဖို့ရည်ရွယ်ထားပါတယ်။

 

လတ်တလော ပါတီအသစ်ဖွဲ့ပြီးတဲ့နောက် ပထမဦးဆုံး ကိုးနာရီအတွင်း ရှိရင်းစွဲပါတီဝင်တွေရဲ့ ထည့်ဝင်မှုနဲ့ သတ်မှတ်ထားတဲ့ ပမာဏရရှိခဲ့တယ်လို့လည်း သိရပါတယ်။

 

ဒါ့အပြင် ပြည်သူ့ပါတီဟာ ဒီကနေ့ ဩဂုတ်လ ၁၀ ရက်နေ့မှာ ဘန်ကောက်မြို့က Sam Yam ဧရိယာထဲမှာ ရှိတဲ့ Stadium One မှာ မနက် ၁၀ နာရီကနေ ည ၈ နာရီအထိ ပြည်သူတွေကို ပါတီသစ်မိတ်ဆက်ပွဲ ကျင်းပသွားဖို့ ရှိပါတယ်။

 

ဓာတ်ပုံ- Apichart Jinakul

 

ကိုးကား – Bangkok Post