မိုးဗြဲတပ်က ရေကာတာဖွင့်ချထားလို့ စစ်ရှောင်စိုက်ခင်းတွေအပါအဝင် ဧကထောင်ချီပျက်စီး ရေဘေးကြောင့် စစ်ရှောင်ရာချီ ရောဂါများခံစားနေရ

Published on Aug 10, 2024

နိုင်ငံ့အဓိကရေအားလျှပ်စစ်စက်ရုံ လောပိတကို ရေပေးတဲ့ ရှမ်းပြည်(တောင်ပိုင်း)၊ မိုးဗြဲမြို့က မိုးဗြဲဆည်ရေဖောက်ချထားတာ နှစ်ပတ်ကျော်ကြာမြင့်လာပြီဖြစ်တယ်လို့ အဲဒီက စစ်ရှောင်တွေနဲ့ ကူညီသူများထံမှ သိရပါတယ်။

 

မိုးဗြဲအခြေစိုက် အမှတ် ၄၂၂ ခြေမြန်တပ်ရင်းက လွန်ခဲ့တဲ့ ဇူလိုင် ၂၅ ကစတင်ဖောက်ချခဲ့ပြီး ဒီကနေ့ ဩဂုတ် ၁၀ ရက်အထိ ဖွင့်ချထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒါကြောင့် ဘီလူးချောင်းဘေးက စစ်ရှောင်တွေရဲ့ ရိက္ခာအတွက်ကိုယ်ထူကိုယ်ထစိုက်ထားတဲ့ စပါးခင်းတွေအပါအဝင် လယ်ဧက ထောင်နဲ့ချီ ရေမြုပ်ပျက်စီးခဲ့ရတယ်လို့ စစ်ရှောင်ကူညီသူတွေက ဆိုပါတယ်။

 

ဒါ့အပြင် ရေဘေးကြောင့် အဲဒီက စစ်ရှောင်တွေဟာ ကျန်းမာရေးပြဿနာတွေနဲ့ အခြေခံစားနပ်ရိက္ခာ ပြတ်လပ်မှုတွေကို ကြုံတွေ့နေရတယ်လို့ စစ်ရှောင်ကူညီသူများထံမှ သိရပါတယ်။

 

မိုးဗြဲရေကာတာကို စစ်ကောင်စီတပ်က ဖွင့်ချတာကြောင့် ဘီလူးချောင်းရဲ့ အရှေ့ဘက်က ဝှာရီကောခူစစ်ရှောင်၊ အနောက်ဘက်က မိုးဗြဲနဲ့ ဝှာရီဆူးပလိုင်စစ်ရှောင်တွေ ဘီလူးချောင်းဘေးမှာ နေမရတော့ဘဲ စားစရာ၊ နေစရာ ဒုက္ခတွေ ကြုံနေရတယ်လို့ တစ်ကိုယ်တော်စစ်ရှောင်ကူညီသူ ကိုဖိုးဇော်က CJ Platform ကိုပြောပါတယ်။

 

“မိုးဗြဲစစ်ဘေးရှောင်နဲ့ ဝှာရီဆူးပလိုင်စစ်ရှောင်က ဘီလူးချောင်းဘေးမှာ စစ်ရှောင်ခဲ့တာ ၂ နှစ်ကျော်ပါပြီ။ ၄၂၂ က ရေဖွင့်ချတော့ လွတ်ရာနေရာတွေမှာ တက်ပြီးနေရတာ။ ရေဘေးသင့်တာ မနက်ဖြန်နဲ့ဆို နှစ်ပတ် ကျော်ပြီ။ ပြီးခဲ့တဲ့နှစ်ပတ် မိုးသည်းထန်စွာရွာနေတဲ့အချိန်မှာပဲ မိုးဗြဲရေကာတာကို(၄၂၂) က ရေလွှတ်ချပါတယ်။ အခုကျတော့  ဘီလူးချောင်းဘေးနေလို့မရတော့ မြောင်းဘောင်တွေပေါ်တက်ပြီး အသိအိမ်တွေမှာ ဝင်နေထိုင်နေကြရတယ်” လို့ ၎င်းက ပြောပါတယ်။

အဲဒီလို စစ်တပ်က ရေကာတာဖွင့်ချလို့ ရေဘေးသင့်နေတဲ့ စစ်ရှောင်တွေဟာ တဲအိမ်တစ်လုံးမှာ မိသားစု သုံးစုအထိ စုပြုံနေထိုင်နေရပြီး သောက်သုံးရေသန့် နဲ့ အခြေခံ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ အထက်ပါစစ်ဘေးကူညီသူက ဆက်ပြောပါတယ်။

 

“ဘာကနေ စကူရမှန်းတောင်မသိလောက်အောင်ပဲ။ တစ်အိမ်ထဲစုပြုံနေ။ ဆန်၊ ဆီ၊ ဆားက ပြတ်။ ခြင်တွေကကိုက်။ ရေကမသန့်။ ဆေးဝါးကလည်းမရှိနဲ့ တော်တော်ကို ဒုက္ခတွေရောက်နေကြတာ” လို့ ၎င်းက ပြောပါတယ်။

 

အဲဒီမှာ စစ်ရှောင်အိမ်ထောင်စု ၃၀၀ နီးပါးက လူဦးရေ ၁၈၀၀ ခန့်ဟာ ဘီလူးချောင်းက ရေကို အဓိကထားသုံးစွဲနေရပေမဲ့ ချောင်းအထက်ပိုင်းမှာ အိမ်သာတွေရှိနေလို့ မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေရတာကြောင့် စစ်ရှောင်တွေထဲက လူ ၁၀၀ ခန့် ဝမ်းပျက်၊ဝမ်းလျှောရောဂါတွေ ခံစားနေရတယ်လို့ ဆိုပါတယ်။

 

“အရေပြားယားနာလိုမျိုးတွေကလည်း လူဆယ်ယောက်မှာဆို ခုနှစ်ယောက်လောက် ဖြစ်နေတာ။ အဓိက အမိုးအတွက် မိုးကာတွေလည်း လိုအပ်တယ်။ ရေကလည်း ကြီးတုန်းပဲ မကျသေးဘူး။ သေဆုံးတဲ့ထိတော့ မဖြစ်သေးဘူး။ ဆေးဝါးအကူအညီကတော့ လုံးဝကိုမရရှိသေးတာ” လို့ အဲဒီမှာ ကူညီရေးလုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။

 

ယခုလို စစ်တပ်က ရေကာတာကို ဖွင့်ချတာကြောင့် ဘီလူးချောင်းဘေးက နွေစပါး စိုက်ဧက ၂,၀၀၀ ကျော် ရေနစ်မြုပ်ပျက်စီးကုန်တယ်လို့ အဲဒီနေရာကို သွားရောက်ကူညီခဲ့သူ ကိုဖိုးဇော်ရဲ့ ပြောစကားအရ သိရပါတယ်။

 

ကရင်နီဒေသအတွင်းရှိ စစ်ရှောင်စခန်း ၄၂၀ ကျော်မှာ လူဦးရေတစ်သိန်းခွဲ ၁၅၀,၀၀၀ ထက်မနည်းခိုလှုံနေရတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ထံမှ သိရပါတယ်။

 

ကရင်နီတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၁ ရက်က စတင်တဲ့ ၁၁၁၁(တစ်လေးလုံး) စစ်ဆင်ရေးအပြီး ကရင်နီတော်လှန်ရေးတပ်တွေက မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ခဲ့ပေမဲ့ မိုးဗြဲရေကာတာကိုတော့ စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

 

ဓာတ်ပုံ-ပေးပို့