လှိုင်သာယာမှာ PDF နဲ့ ဆက်သွယ်တယ်ဆိုပြီး အိမ်နှစ်လုံးကို စစ်ကောင်စီချိတ်ပိတ်

Author ကိုထက်
Categories
Published on Jul 10, 2024

ရန်ကုန်မြို့၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်မှာ PDF အဖွဲ့တွေနဲ့ ဆက်သွယ်တယ်လို့ဆိုကာ အိမ်နှစ်လုံးကို စစ်ကောင်စီက ဇူလိုင်လ ၈ ရက်နေ့က လာရောက်ချိတ်ပိတ်သွားတယ်လို့ အဲဒီကမြို့ခံများထံမှ သိရပါတယ်။

 

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် ၂၀ ရပ်ကွက်၊ ဗိုလ်တေဇပတ်လမ်းပေါ်က ကိုဝေဖြိုးလှိုင်ပိုင်ဆိုင်တဲ့ နေအိမ်နှစ်လုံးကို စစ်‌ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက် ချိတ်ပိတ်သွားတာလို့ အဲဒီအနီးဝန်းကျင်နေသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“PDFတွေနဲ့ဆက်စပ်လို့ဆိုပြီး စစ်သားရော၊ ရဲရော၊ အုပ်ချုပ်ရေးမှူး၊ စည်ပင် အကုန်အဖွဲ့လိုက်လာပြီး အနီရောင်ဆိုင်းဘုတ်တွေကပ်သွားတာ” လို့ ၎င်းက ပြောပါတယ်။

 

အဲဒီနေအိမ်နှစ်လုံးပိုင်ရှင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့သတင်း ရပ်ကွက်ထဲမှာလည်း ပျံ့နှံ့နေပြီး ထွက်ပြေးတိမ်းရှောင်နေရသူလည်းဖြစ်တယ်လို့ သိရပါတယ်။

 

“အဓိကက လူကိုဖမ်းချင်တာဖြစ်မယ်။ ဒါပေမဲ့လည်း PDF နဲ့ဆက်စပ်ပြီဆို သူတို့က ရှိသမျှပိုင်ဆိုင်မှုတွေလည်းသိမ်းတာလေ။ အခုကောင်လေးက ရှောင်နေရတယ်။ လူကိုမမိလို့ အိမ်ကိုအရင်ချိတ်ပိတ်တာဖြစ်မယ်” လို့ ၂၀ ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောပါတယ်။

 

စစ်ကောင်စီက ရန်ကုန်ကနေ တော်လှန်ရေးတပ်ဖွဲ့များထံ ထောက်ပို့လုပ်သူတွေကို ၎င်းတို့ရဲ့သတင်းပေး(ဒလန်)များရဲ့ သတင်းပေးချက်အရ လိုက်လံဖမ်းဆီးပြီး နေအိမ်နဲ့အတူ ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်တာတွေ လုပ်နေတာပါ။

 

ယခုနှစ် ဇွန်လ ၂၁ ရက်တုန်းကလည်း လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ၁၁ ရပ်ကွက်မှာနေထိုင်ပြီး အထည်ချူပ်စက်ရုံမှာအလုပ်လုပ်တဲ့ အမျိုးသမီးတစ်ဦးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မွေးနေ့မှာ ပန်းသပိတ်ပါဝင်လို့ဆိုပြီး ပုဒ်မ ၅၀၅ (က) နဲ့ စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်