နောင်ချိုက နောက်ဆုံးတပ် သိမ်းတဲ့သတင်း မရသေးဘူးလို့ TNLA ပြောခွင့်ရဆို

Author ကိုထားဝယ်
Categories
Published on Jul 10, 2024

ရှမ်းမြောက် နောင်ချိုမြို့က တစ်ခုတည်းကျန်တဲ့ ဒုံးတပ် ၆၀၆ တပ်ရင်းကို သိမ်းနိုင်ပြီဆိုတဲ့သတင်း တအာင်းတပ် TNLA ပြန်ကြားရေးဌာနထံ မရောက်သေးဘူးလို့ TNLA ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က CJ Platform ကို ဒီနေ့ မွန်းတည့်ပိုင်းမှာ ပြန်လည်ဖြေကြားပါတယ်။

 

၆၀၆ တပ်ရင်း သိမ်းလိုက်ပြီဆိုတဲ့သတင်းကို အတည်ပြုပေးဖို့ TNLA ပြောခွင့်ရ လွေးယေဦးကို CJ Platform က ဆက်သွယ်မေးမြန်းခဲ့ရာမှာ “ရကြောင်း သတင်းမရသေးပါ” လို့ ဖြေကြားပါတယ်။

 

ဇွန် ၂၅ ရက် ရှမ်းနဲ့ မန်းမှာ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးစတင်ကတည်းက ၆၀၆ တပ်ရင်းကို TNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာပါ။

 

နောင်ချိုမြို့တွင်းက စစ်ကောင်စီဌာနရုံးနဲ့ ရဲစခန်းတွေအပါအဝင် စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ခမရ ၁၁၄ နဲ့ ၁၁၅ ၊ ကံ့ကော်၊ ခဲမွန်စစ်၊ ကျောက်ကြမ်း၊ အုမ္မတီးတပ်စခန်းတို့ကို TNLA က သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။

 

ဒါကြောင့် နောင်ချိုမှာ တစ်ခုတည်းကျန်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ လက်အောက်ခံတွေစုပေါင်းနေတဲ့ ၆၀၆ တပ်ရင်းကို ထိုးစစ်ဆင်နေရာမှာ မနေ့ ဇူလိုင် ၉ ရက် ညပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဒီနေ့မှာ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာပါ။

 

ဒါပေမဲ့ TNLA တာဝန်ရှိသူကတော့ အတည်မပြုသေးသလို တရားဝင်သတင်းထုတ်ပြန်တာမျိုးလည်း မရှိသေးပါဘူး။

 

ဓာတ်ပုံ – PSLF/TNLA