ရန်ကုန်မြစ်ထဲ သမ္ဗာန်မှောက်၊ ကျောင်းသားအများစုပျောက်ဆုံးနေလို့ မျက်မြင်တွေဆို

Author ကိုထက်
Categories
Published on Jul 10, 2024

ရန်ကုန်မြစ်ထဲ ကြည့်မြင်တိုင်-အေးရွာကူးတဲ့ သမ္ဗာန်တစ်စီး ဒီကနေ့(ဇူလိုင် ၁၀)ရက် မနက်ပိုင်းမှာ မှောက်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေးတွေ လုပ်နေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

 

အဲဒီမှာ ပျောက်ဆုံးနေသူတွေရှိနေပြီး အများစုက ကျောင်းသားတွေဖြစ်တယ်လို့ မျက်မြင်တွေ့လိုက်သူတွေက ပြောပါတယ်။

သမ္ဗာန်က ‌ဒိုက်ဖက်နဲ့ငြိပြီး ရပ်ထားတဲ့ သင်္ဘောကို တိုက်မိပြီးမှောက်သွားတာဖြစ်တယ်လို့ ရန်ကုန်မြစ်ထဲ သွားလာရင်းတွေ့မြင်ခဲ့သူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“အဖြူအစိမ်းနဲ့ ကျောင်းသားတွေ အများဆုံးပါတယ်။ အခုရှာမတွေ့သေးတာလည်း အဲဒီကလေးတွေ ဖြစ်နေမယ်ထင်တယ်” လို့ ၎င်းက ပြောပါတယ်။

 

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်၊ ရန်ကုန်မြစ်အတွင်း၊ ဗားကရားဆိပ်ကမ်းမှ ရေမိုင်(၅)ဖာလုံခန့်အကွာတွင် သမ္ဗာန်(၁)စီးတိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိလို့ အနောက်ပိုင်းခရိုင် မီးသတ်စခန်းမှ 191 ယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ သူနာတင်ယာဉ်(၁)စီး၊ အလုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်နေတယ်လို့ MFSD က ထုတ်ပြန်ပါတယ်။

 

အဲဒီ ရေယာဉ်ပေါ်ပါရှိသူ ၁၇ ဦးအနက် ၈ ဦးကို ကယ်ဆယ်ထားနိုင်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

 

ဓာတ်ပုံ – MFSD