သံတွဲနဲ့ မောင်တောက စစ်သားနဲ့ ရဲတွေ AA ထံ အလင်းဝင်၊ စစ်ကောင်စီကို ပြန်တိုက်မယ်လို့ကြုံးဝါး

Author သုတ
Categories
Published on Jul 10, 2024

သိမ်းခံရလုနီးနီးဖြစ်နေတဲ့ ရခိုင်ပြည်၊ သံတွဲနဲ့ မောင်တောမြို့နယ်တို့က စစ်သားနဲ့ ရဲတချို့ အာရက္ခတပ်တော် AA ထံ အလင်းဝင်ရောက်မှုများ ဆက်တိုက်ရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်များထံမှ သိရပါတယ်။

 

ပြီးခဲ့တဲ့မေလ ၁၀ ရက်နေ့က မောင်‌တောခရိုင်နယ်ခြားစောင့်တပ်စခန်းတစ်ခုမှ ရဲတပ်သားနှစ်ဦး AA ထံ အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီနောက် ၎င်းတို့နှစ်ဦးဟာ AA ပို့ဆောင်ပေးမှုဖြင့် ဇူလိုင်လ ၇ ရက်နေ့မှာ Generation Z Army ရဲ့ အညာစစ်ဒေသသို့ ရောက်ရှိခဲ့တယ်လို့ အဲဒီတပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ် ကိုဇက်က CJ Platform သို့ ပြောပါတယ်။

 

“မဟာမိတ်ကတော့ သူတို့ထွက်လာတဲ့စခန်းကနေပြီးတော့ ကျွန်တော်တို့ရဲ့ အညာစစ်ဒေသထိရောက်အောင် သူတို့ပဲခေါ်ယူပေးခဲ့တာပေါ့နော်။ ရဲဘော်တွေ ဘေးကင်းကင်းနဲ့ ကျွန်တော်တို့တွေဆီရောက်အောင်လို့ ကူညီပေးခဲ့ပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

သူတို့ဟာ အာဏာရှင်ကိုမကြိုက်လို့ လွတ်မြောက်အောင်ရုန်းထွက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

 

ဒါ့အပြင် သံတွဲမြို့နယ်အတွင်း အကျအဆုံးများနေတဲ့ စစ်ကောင်စီတပ်ရဲ့ လူငယ်တပ်သားတွေလည်း အာရက္ခတပ်တော်(AA)ထံ လက်နက်ချအလင်းဝင်မှုနဲ့ ထွက်ပြေးလာမှုများရှိနေတယ်လို့ အဲဒီက တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

“ထူးခြားမှုက ပြေးကြတာ လူငယ်တွေများတယ်။ တချို့က လက်နက်ထားခဲ့ပြီး ပြေးတာ။ တချို့က AA ကို ဆက်သွယ်ပြီးတော့မှ ပြေးတယ်လို့ ယူဆလို့ရတယ်။ စစ်တပ်က မြို့ထဲမှာ နေရာယူထားတာ။ AA က မြို့ပြင်မှာ ရှိတယ်။ အခု နယ်ရွာဘက်တွေကို ရောက်သွားတယ်ဆိုတာကြားပေမဲ့ လိုက်ရှာနိုင်တာတော့ သိပ်မရှိဘူး” လို့ ၎င်းက ပြောပါတယ်။

 

လတ်တလော သံတွဲမြို့ရဲ့ နောက်ဆုံးလက်ကျန်တပ်ရင်းဖြစ်တဲ့ ခလရ ၅၅ က တပ်သားတွေဟာ ကွင်းဝိုင်းရေတပ်ဘက်သို့ ဆုတ်ခွာထွက်ပြေးနေကြပြီး အဲဒီ‌ထွက်ပြေးစစ်ကြောင်းကို AA က လိုက်လံရှင်းလင်းရင်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ အဲဒီဒေသခံများက ပြောပါတယ်။

 

“မိုးမများတော့ လေကြောင်းက အပြင်းအထန် ဗုံးကြဲနေတာ နှစ်ရက်ရှိပြီ။ ကျန်တဲ့ ရေတပ်တွေကလည်း ခံစစ်အပြည့်ပြင်ထားတာကို တွေ့ရပါတယ်။ လူတွေကတော့ ပြေးနေကြရတာပေါ့။ ရွာတွေကို ဗုံးလာကြဲနေတာကိုး။ တိုက်ပွဲနားနီးတဲ့ ရွာတွေအများစုက ရှောင်နေကြပါတယ်” လို့ သံတွဲဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ဂျိတ္တော၊ လင်းသာ‌၊ မြပြင်ကျေးရွာတွေအပြင် ငပလီကမ်းခြေနဲ့ သံတွဲမြို့ အနီးက ရပ်ကွက်၊ ကျေးရွာတချို့ကိုလည်း လေကြောင်းက ဗုံးကြဲနေသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

ရခိုင်မြို့သိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဟာ အရှုံးနဲ့ရင်ဆိုင်နေရပြီး တပ်သားတွေအကျအဆုံးများသလို ထွက်ပြေး၊ အလင်းဝင်သူတွေလည်း အများအပြားရှိတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ဆိုပါတယ်။

 

အာရက္ခတပ်တော်က သံတွဲအခြေစိုက် ခမရ-၅၆၆ တပ်ရင်းကို ဇွန်လ ၂၇ ရက်၊ ဇီးဖြူကုန်းမှာ စစ်ကောင်စီတပ်သားအင်အား ၁၀ဝ လောက်နဲ့ ခုခံနေတဲ့ သုံးထပ်တိုက်နဲ့ အဲဒီပတ်ဝန်းကျင်အနီးအနားက နေရာတွေကို ဇူလိုင်လ ၆ ရက်၊ ငပလီ(မဇင်) လေဆိပ်အနီး လေဆိပ်အဆောက်အအုံနဲ့ အနီးပတ်ဝန်းကျင်က အင်အား ၄၀ဝ လောက်နဲ့ ခုခံနေတဲ့ နေရာတွေအားလုံးကို ဇူလိုင်လ ၅ ရက်‌နေ့တွေမှာ အပြီးသတ် သိမ်းပိုက်ပြီး ငပလီ(မဇင်) လေဆိပ်ကိုလည်း  ထိန်းချုပ်ထားနိုင်ပြီလို့ ဇူလိုင်လ ၇ ရက်နေ့မှာ AA က ထုတ်ပြန်ထားပါတယ်။

 

 

ဓာတ်ပုံ – လူမှုကွန်ရက်၊ Generation Z Army