ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီတပ် ဆုတ်ခွာချိန် လာကယ်တဲ့ သင်္ဘောပေါ် အရာရှိတွေတက်ပြီးနောက် တပ်သားနဲ့ မိသားစုဝင်တွေကို အတက်မခံဘဲ သေနတ်ဖြင့် ပြန်လည်ပစ်ခတ် ကမ်းပြန်စဉ် စက်လှေမှောက်လို့ လေးဦးပျောက်ဆုံးပြီး ကလေးနှစ်ဦးရေနစ်ပြီး မေ့မြောနေ

Author ကိုထားဝယ်
Categories
Published on Jun 10, 2024

ရခိုင်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်ထဲက တပ်စခန်းတွေအားလုံးကို အာရက္ခတပ်တော် AA ကအပြီးသတ်သိမ်းပိုက်ခဲ့တဲ့အပြင် မောင်တောမြို့နယ်က တပ်စခန်း ၆ ခုကိုလည်း ဇွန် ၂ မှ ၇ ရက်အထိ ခြောက်ရက်အတွင်း အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးနေကြရပါတယ်။

 

အဲဒီမှာ နယ်ခြားစောင့်တပ်ဖွဲ့ ၄ နဲ့ ၉ တို့က တပ်ဖွဲ့ဝင်နဲ့ မိသားဝင်တွေ ဆုတ်ခွာစဉ် စစ်ကောင်စီက လာကယ်တဲ့ ရေတပ်သင်္ဘောဆီ အရာရှိတွေက စက်လှေတစ်စီးနဲ့ အရင်သွားရောက်ခဲ့ပြီးနောက် ဒဏ်ရာရတပ်သားနဲ့ မိသားစုဝင်တွေသွားရောက်ချိန်မှာတော့ သေနတ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ အဲဒီက ရဲဘော်တစ်ယောက်ရဲ့ လူမှုကွန်ရက်ပေါ် တိုက်ရိုက်ထုတ်လွှင့်ပြောဆိုမှုကို ဒီနေ့ ဇွန် ၁၀ ရက်မှာ AA က ပြန်လည်ထုတ်ပြန်လာခဲ့ပါတယ်။

 

“တပ်မမှူးနဲ့ ကွပ်ကဲရေးမှူးတို့ရဲ့ အမိန့်ရလို့ ဆုတ်ခွာချိန်မှာ အရာရှိတွေက ဦးဆုံး စက်လှေတစ်စီးနဲ့ ကမ်းထိုးသင်္ဘောဆီ အရင်ဆုံးသွားပါတယ်။ သူတို့ပြီးတဲ့နောက် နောက်ကျန်တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေအပါအဝင် ဒဏ်ရာရသူတွေကို ကမ်းထိုးသင်္ဘောဆီ သွားပို့ချိန်မှာ နှစ်စီးလုံးကို သေနတ်နဲ့ပစ်လွှတ်ပါတယ်။ ကမ်းထိုးပေါ်အတက်မခံဘူးတဲ့။ အကပ်လည်း မခံဘူးတဲ့ဗျာ” လို့ အဲဒီရဲဘော်ရဲ့ ရုပ်သံထဲ ပြောဆိုထားတာကို ကြားသိရပါတယ်။

 

ဒါ့ကြောင့် စက်လှေနဲ့ ကမ်းသို့ ပြန်လှည့်လာစဉ် ကမ်းခြေမှာ လှိုင်းအလွန်ကြီးတာကြောင့် စက်လှေမှောက်လို့ ရဲ မိန်းမ နှစ်ယောက်နဲ့ ကလေးနှစ်ယောက်ပျောက်ဆုံးနေတဲ့အပြင် ရေနစ်တဲ့ ကလေးနှစ်ယောက်ဟာ ရေမွန်းပြီး မေ့မြောနေတယ်လို့ ယူကြုံးမရ သူက ပြောပါတယ်။

 

ဒီရုပ်သံနဲ့ပတ်သက်ပြီး အာရက္ခတပ်တော် AA က “တပ်ပျက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ သူတို့အချင်းချင်းကြား လူသားချင်းစာနာစိတ်ကင်းမဲ့မှု၊ စစ်ခေါင်းဆောင်တပ်မှူးကြီးတွေရဲ့ ခေါင်းဆောင်မပီသမှု၊ ကိုယ်လွတ်ရုန်းထွက်ပြေးမှုနဲ့ လူ့အသိစိတ်ဓာတ်ပျောက်ဆုံးမှုတို့ကို ရှင်းရှင်းလင်းလင်းဖော်ပြနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုယ်တိုင်ရိုက် ဗီဒီယိုမှတ်တမ်းဖြစ်ပါတယ်။” ဆိုပြီး ထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။

 

AA အနေနဲ့ ရခိုင်မြောက်ပိုင်းက ဘူးသီးတောင်မြို့က စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းနဲ့ နယ်ခြားစောင့်တပ်စခန်းတွေအားလုံးကို တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်တဲ့အပြင် နယ်မြေချင်းထိစပ်နေတဲ့ မောင်တောမြို့က စစ်ကောင်စီလက်ကျန်စခန်းတွေကို ဇွန်လ ၂ ရက်က စတင်တိုက်ခိုက်နေရာမှာ ဇွန်လ ၇ ရက်နေ့အထိ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်းနဲ့ နခခ(၉) စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

 

ရုပ်သံ – AA Infor Desk