အဂတိကင်း ဝန်ထမ်းတွေနဲ့ သန့်ရှင်းကောင်းမွန်တဲ့ အစိုးရနဲ့ အုပ်ချုပ်ရေးစနစ်တစ်ခု တည်ဆောက်မယ်လို့ စစ်ကောင်စီ ဥပဒေဝန်ကြီးပြော အဂတိကာကွယ်ရေးအဖွဲ့တွေ ဖွဲ့မယ်လို့ဆို

Author ကိုထားဝယ်
Categories
Published on May 10, 2024

စစ်တပ်က အာဏာသိမ်းပြီးနောက် အစိုးရရုံးတွေထဲ လာဘ်စားမှုတွေနဲ့ပြည့်နှက်နေချိန် အဂတိကင်းရှင်းတဲ့ နိုင်ငံ့ဝန်ထမ်းတွေနဲ့အတူ သန့်ရှင်းတဲ့ အစိုးရနဲ့ ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်တစ်ခုကို အကောင်အထည်ဖော်တည်ဆောက်ရမှာဖြစ်တယ်လို့ စစ်ကောင်စီ ဥပဒေရေးရာဝန်ကြီး ဒေါ်သီတာဦးက ပြောကြားလိုက်ပါတယ်။

 

မနေ့ မနက်ပိုင်း နေပြည်တော်က ဥပဒေရေးရာဝန်ကြီးဌာနအစည်းအဝေးခန်းမမှာ ကျင်းပတဲ့ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲမှာ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ပြည်ထောင်စုရှေ့နေချုပ်လည်းဖြစ်တဲ့ ဒေါ်သီတာဦးက အထက်ပါအတိုင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

 

“အဂတိကင်းရှင်းတဲ့ နိုင်ငံ့ဝန်ထမ်းတွေနဲ့ သန့်ရှင်းတဲ့ အစိုးရနဲ့ ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်တစ်ခုကို အကောင်အထည်ဖော်တည်ဆောက်ရမယ်” လို့ ပြည်ထောင်စုရှေ့နေချုပ်ပြောတာကို စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွေထဲ ထည့်သွင်းရေးသားထားတာပါ။

 

အဂတိလိုက်စားမှုကို ကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခံရမယ့်အပြင် မိမိပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာလည်း ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေမှာဖြစ်လို့ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ သိရှိရှောင်ကြဉ်ဖို့လိုတဲ့အကြောင်း သူမက ဆက်လက်ပြောဆိုပါတယ်။

 

တဖန် နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ဖြောင့်မတ်တည်ကြည်မှုရှိဖို့၊ တာဝန်ယူ၊ တာဝန်ခံမှုရှိဖို့၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ဖို့၊ ကျောသားရင်သား မခွဲခြားဘဲ မျှမျှတတဆောင်ရွက်ဖို့လိုတယ်လို့ စစ်ကောင်စီခန့် ရှေ့နေချုပ်က ပြောပါတယ်။

 

နောက်ပြီး စစ်ကောင်စီ ဥပဒေရေးရာဝန်ကြီးဌာနအနေနဲ့ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU)များဖွဲ့စည်းပြီး အဂတိလိုက်စားမှု လျော့နည်းပပျောက်ရေး စီမံဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

 

ဒါပေမဲ့ CPU အဖွဲ့တွေကို ဘယ်နေရာတွေမှာ ဘယ်လိုဖွဲ့မလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ သူမက ထည့်သွင်းပြောကြားသွားတာမျိုးမရှိပါဘူး။

 

အာဏာသိမ်းပြီးပြီးချင်း ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်ကောင်စီဖွဲ့တဲ့ အစိုးရအဖွဲ့မှာ NLD လက်ထက် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှာ အတွင်းဝန်အဆင့်သာရှိခဲ့ပေမဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥပဒေရေးရာဝန်ကြီးနဲ့ ရှေ့နေချုပ်ရာထူးတွေ ပေးအပ်ခဲ့တာပါ။

 

သူမကို ၂၀၂၂ ခုနှစ် ဇန်နဝါရီထဲ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲ ထည့်သွင်းခဲ့သလို ဗြိတိန်နဲ့ ကနေဒါအစိုးရတို့ကလည်း အလားတူပိတ်ဆို့ဒဏ်ခတ်ခဲ့ပါတယ်။

 

သူမက အဂတိလိုက်စားမှုကို လျော့နည်းပပျောက်အောင်လုပ်မယ်လို့ အသံကောင်းဟစ်နေပေမဲ့ နိုင်ငံတစ်ဝှမ်းက တကယ့်လက်တွေ့ အောက်ခြေရုံးတွေမှာတော့ လာဘ်စားမှုတွေနဲ့ ပြည့်နှက်နေတယ်လို့ သိရပါတယ်။

 

“အခု စမတ်ကတ်လုပ်မယ်ဆိုရင် အနည်းဆုံးနှစ်သောင်းပဲဗျ။ အဲဒါ ပေါ်တင်တောင်းတာနော်။ မပေးရင်လုပ်လို့မရဘူး” လို့ ရွှေပြည်သာမြို့နယ်လဝကရုံးအတွင်းလာဘ်စားမှုအခြေအနေကို အဲဒီကမြို့ခံတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် လက်ရှိ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ စစ်သားစုဆောင်းရေးပြုလုပ်ရာမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးမှူးတွေပေါင်းပြီး လာဘ်စားမှုတွေ လုပ်ဆောင်နေကြပါတယ်။

 

ပဲခူးတိုင်းထဲက မြို့နယ်တချို့မှာ စစ်မှုထမ်းစာရင်းထဲမပါရေး တစ်ဦးကို ကျပ်သုံးသောင်းကနေ သိန်းတစ်ရာအထိ ပေးဖို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေက ငွေညှစ်နေတယ်လို့ အဲဒီက ဒေသခံတွေက CJ Platform ကို ပြောထားပါတယ်။ နိုင်ငံတဝန်း တခြားမြို့နယ်တွေမှာ ငွေကြေးတတ်နိုင်သူတွေရဲ့ သားသမီးတွေ စစ်မှုမထမ်းရရေး ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေက ငွေတောင်းနေတာတွေရှိနေပါတယ်။

 

ဓာတ်ပုံ – စစ်ကောင်စီ ဝါဒဖြန့် သတင်းစားများ