လောင်းလုံးက စစ်ကောင်စီပစ်မှတ်လေးခု တိုက်ပွဲအတွင်း လေကြောင်း၊ ရေကြောင်းပစ်ကူကြောင့် ရဲဘော် သုံးဦးကျဆုံး

Author ဝက်ဝံနက်
Categories
Published on May 10, 2024

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က မြို့မရဲစခန်း၊ စရဖရုံး၊ ထွေ/အုပ်ရုံးနဲ့ လက်ခတ်တောင်ပေါ်ရှိ တာဝန်တိုင်စခန်းတို့ကို မနေ့ မနက် အစောပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့မှုမှာ ရဲဘော်သုံးဦးကျဆုံးခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(Student Revolutionary Force)ဆီက သိရပါတယ်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ခြေကုပ်ယူတပ်စွဲထားတဲ့ နေရာတွေကို တပြိုင်နက် ဝင်တိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်စခန်းတွေက ပြန်လည်ခုခံတဲ့အပြင် လေကြောင်း၊ ရေကြောင်းတို့ကပါ ညှပ်တိုက်ခဲ့တာကြောင့် မေလ ၉ ရက် နံနက် ၁၀ နာရီလောက်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

 

“သူတို့က လေကြောင်းကရော၊ ရေကြောင်းကပါ ပစ်ကူပေးနေတော့ စခန်းမသိမ်းနိုင်ခဲ့ဘူး။ အခုလက်ရှိ ပြန်ဆုတ်လိုက်ရတယ်” လို့ SRF မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ဒေသကာကွယ်တပ် ခြောက်ခုလောက်ပူးပေါင်း စစ်ဆင်ရေးပြုလုပ်ခဲ့ရာမှာ သုံးဦးကျဆုံးခဲ့တာဖြစ်တယ်လို့ အဲဒီတာဝန်ရှိသူက CJ Platform ကိုပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးသလို အရပ်သားထိခိုက်ဒဏ်ရာရရှိမှုရှိတယ်လို့ကြားသိရပေမဲ့ စုံစမ်းနေဆဲဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

 

စစ်ကောင်စီတပ်တွေဟာ မေလ ၈ နဲ့ ၉ ရက်နေ့တွေမှာ သရက်ချောင်းနဲ့ လောင်းလုံးမြို့တို့ကို နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အဲဒီက ဒေသခံတွေက ပြောပါတယ်။

 

မေ ၈ ရက်နေ့ ညနေ ၅ နာရီလောက်က သရက်ချောင်း၊ ကနက်သစ်ရွာ ဘောလုံးကွင်းထဲ ဘောလုံးကစားနေစဉ် လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသက် ၁၆ နှစ်အရွယ် မောင်ပိုင်စိုးသူနဲ့ မောင်ဟိန်းပြည့်ဖြိုးတို့ နေရာမှာတင် သေဆုံးခဲ့တဲ့အပြင် ရှစ်ယောက်လောက်ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ အဲဒီမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် အဲဒီမြို့နယ် ကနက်သီရွာရှိ ယာယီပိတ်ထားတဲ့ တိုက်နယ်ဆေးရုံပေါ် ဗုံးထိမှန်လို့ ဆေးရုံအဆောက်အအုံ လုံးဝပျက်စီးသွားခဲ့ရတယ်လို့ အဲဒီအမျိုးသားက ပြောပါတယ်။

 

အလားတူ လောင်းလုံးမြို့ကိုလည်း မေလ ၉ ရက် နံနက် ၈ နာရီကစလို့ မွန်းတည့် ၁၂ နာရီအထိ လေယာဉ်ဗုံးနှစ်ကြိမ်ကြဲခဲ့တယ်လို့ အဲဒီမြို့မှာနေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

“ပထမအကြိမ် ကြဲတုန်းက မြို့အစွန်နေရာတွေကြဲတာ။ တစ်လုံးကတော့ ပန်းတောဝဘုန်းကြီးကျောင်း ဆွမ်းစားဆောင်ပေါ်ကျပြီးတော့ ထိခိုက်ဒဏ်ရာရတာတွေရှိတယ်။ ဒဏ်ရာဘယ်နှယောက်ရလဲ လောလောဆယ်မသိရသေးဘူး” လို့ သူမက ပြောပါတယ်။

 

အဲဒီနေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ငြိမ်သက်သွားတယ်လို့ လောင်းလုံးမြို့မှာ နေထိုင်သူတွေဆီက သိရပါတယ်။

 

ဓာတ်ပုံ – ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ