ထိုင်းမှာ ဆေးခြောက်ကို မူးယစ်ဆေးစာရင်း ပြန်လည်ထည့်သွင်းသွားမယ်လို့ ဝန်ကြီးချုပ်ဆို

Author လင်းနွေဦး
Categories
Published on May 10, 2024

ထိုင်းနိုင်ငံတွင်း ဆေးခြောက် (Cannabis)သုံးစွဲမှုကို မူးယစ်ဆေးဝါးစာရင်းမှာ ပြန်လည်ထည့်သွင်းသွားမယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြီးခဲ့တဲ့ မေလ ၈ ရက် နေ့မှာ ပြောကြားခဲ့ပါတယ်။

 

အာရှဒေသတွင်း ပထမဆုံး  တရားဝင် ဆေးခြောက်သုံးစွဲခွင့် ရှိတဲ့ နိုင်ငံအဖြစ် ၂ နှစ်ကျော် ခွင့်ပြုထားအပြီးမှာ မထင်မှတ်ထားတဲ့ ပြောကြားမှုကို ထိုင်းဝင်ကြီးချုပ် ဆရတ်သာ သာဗီဆင်က (Srretha Thavisin)က တရားဝင်ပြောကြားခဲ့တာပါ။

 

တရားဝင်ခွင့်ပြုခဲ့တဲ့အချိန်က စလို့ ပြီးခဲ့တဲ့ နှစ်နှစ်တာ အတွင်း ပြည်တွင်းမှာ ဆေးခြောက်လက်လီ လက်ကား ရောင်းချတဲ့ ဆိုင်ပေါင်း တစ်သောင်းကျော် အထိ ရှိလာခဲ့သလို ဈေးကွက် ဖွံ့ဖြိုးမှုနှုန်း မြင့်တက်လာမှုရှိတဲ့အပေါ်မှာလည်း ၂၀၂၄ ခုနှစ် အစပိုင်းမှ စတင်ပြီး ကျန်းမာရေးအတွက်သာ သုံးစွဲခွင့်ပြုတော့မယ်လို့ ထိုင်းဝန်ကြီးချုပ်ဆီက အသံထွက်လာခဲ့တာပါ။

 

“ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းထဲ ပြန်ထည့်သွင်းတာကို လိုချင်ပါတယ်။ ဆေးခြောက်ကို ကျန်းမာရေးနဲ့ ဆေးဝါးဆိုင်ရာ ရည်ရွယ်ချက်သီးသန့်အတွက် သုံးနိုင်ဖို့ ဝန်ကြီးဌာနက မြန်မြန်လုပ်ဆောင်သင့်နေပါပြီ”ဟု ထိုင်းဝန်ကြီးချုပ် က ၎င်း၏ လူမှုကွန်ရက် X( ယခင် တွစ်တာ) မှာ ရေးသားခဲ့ပါတယ်။

 

နိုင်ငံရဲ့ အနာဂတ်ကို ဖျက်ဆီးမှာက မူးယစ်ဆေးဝါးတွေသာဖြစ်ပြီး လူငယ်တွေဟာ မူးယစ်ဆေးဝါးကို စွဲလမ်းနေပြီဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေကို ဖြတ်တောက်ဖို့ အစိုးရက အလုပ်မြန်မြန်လုပ်ဖို့သာမက မူးယစ်ဆေးဝါးဖြတ်တဲ့ ကုသမှုတွေကိုလည်း ချဲ့ထွင်ပေးဖို့လိုပါတယ်လို့ ထိုင်းဝန်ကြီးချုပ်က လူမှုကွန်ရက်မှာ ဖြည့်စွက်ရေးသားထားတာပါ။

 

ပြီးခဲ့တဲ့ နှစ်နှစ်တာ ကာလအတွင်း ထိုင်းနိုင်ငံရဲ့ နိုင်ငံတွင်း ဆေးခြောက် ရောင်းဝယ်ဖောက်ကားတာတွေကနေ အမေရိကန်ဒေါ်လာ ဘီလျံချီ ရရှိခဲ့ပြီး လာမယ့် ၂၀၂၅ ခုနှစ် ကာလမှာ ဆေးခြောက်ရောင်းတာက ရရှိမယ့် ဝင်ငွေဟာ အမေရိကန် ၁ ဒဿမ ၂ ဘီလျံ ကျော်အထိ ရရှိနိုင်တယ်လို့ နိုင်ငံတကာဈေးကွက် ပညာရှင်များက ခန့်မှန်းထားကြပါတယ်။

 

ခုလို တစ်ကျော့ပြန် ပြန်လည်ကန့်သတ်မှုတွေလုပ်တာဟာ တိုင်းပြည်ရဲ့ စီးပွားရေးကို ထိခိုက်စေမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းသေးတွေ လုပ်ကိုင်နေသူနဲ့ သုံးစွဲသူတွေအတွက် အရွေ့ကောင်းမဟုတ်ဘူးလို့ ပြည်တွင်းကျွမ်းကျင် ပညာရှင်တွေက ထောက်ပြပြောဆိုမှုတွေလည်း ရှိနေပါတယ်။

 

“ခုဆို လူတော်တော်များများက ဆေးခြောက်ပင်တွေစိုက်လာပြီး ဆိုင်လေးတွေဖွင့်လာတာပါ။ ဒါပေမဲ့ ဒီဆိုင်တွေမကြာခင် ပိတ်ရပါတော့မယ်။”လို့ Thailand’s Cannabis Future Network ရဲ့ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ Prasitchai Nunual (ပရာဆစ်ချိုင် နူနျူရယ်) က ရိုက်တာ သတင်းဌာနကို ဖြေကြားထားပါတယ်။

 

အကယ်၍ အစိုးရပိုင်းဆိုင်ရာ အာဏာပိုင်များအနေနဲ့ သိပ္ပံဆိုင်ရာ အချက်အလက်တွေအရ စမ်းသပ်စစ်ဆေးပြီး ဆေးခြောက်က အရက်နဲ့ ဆေးလိပ်(စီးကရက်) တို့ထက် ပိုပြီး လူကိုထိခိုက်စေတယ်လို့ ရလဒ်ထွက်လာလို့ရှိရင် ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းထဲ ထည့်သင့်ပြီး တကယ်တမ်း ဆေးခြောက်က အရက်နဲ့ ဆေးလိပ်(စီးကရက်) တို့ထက် ထိခိုက်မှုနည်းတာဆိုရင် ဆေးလိပ်နဲ့ အရက်ကို မူးယစ်ဆေးဝါးစာရင်းထဲ ထည့်သင့်တယ်လို့ သူက ဝေဖန်ထောက်ပြထားပါတယ်။

 

ဓာတ်ပုံ- Bloomberg . com

 

ပုံစာညွှန်း – ထိုင်းနိုင်ငံတွင်းရှိ ဆေးခြောက် ရောင်းချသည့် ဆိုင်ငယ်တစ်ခုအားတွေ့ရစဉ်