ကျောက်ထုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ဦး သေဆုံးပြီး အမြောက်အမြား ပျောက်ဆုံးနေ

Author ဆလိုင်း
Categories
Published on May 10, 2024

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ အကြည်ရွာကို စစ်ကောင်စီတပ်က မနေ့က မေလ ၉ရက်နေ့မှာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂၀ဦး သေဆုံးပြီး ၂၀ဦးကျော် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့  ဆောမြို့နယ် လူသားစာနာထောက်ထားမှုအဖွဲ့ဆီက သိရပါတယ်။

 

တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ တစ်စီးဟာ နေ့လယ် ၁၁နာရီလောက်မှာ ကျောက်ထုမြို့ အကြည်ရွာကို ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

 

“ကျွန်တော်တို့ လောလောဆယ် ကယ်ဆယ်ရေးဝင်နေတုန်းပါ။ အလောင်းတော့ ၂၀ ရှာထားလို့ ရပါပြီ။ နောက်ထပ် ၂၀ ကျော်က ပျောက်ဆုံးနေဆဲပါ။ ကျွန်တော်တို့ ဆက်လက်ပြီး ရှာဖွေနေဆဲပါ။ သေဆုံး၊ ပျက်စီးစရင်း သေချာမသိရသေးပါဘူး။”လို့ ဆောမြို့နယ် လူသားစာနာထောက်ထားမှုအဖွဲ့ တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အဲဒီ လေကြောင်း တိုက်ခိုက်မှုဟာ အကြည်ရွာ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာအနီးနား ပတ်ဝန်းကျင်တွေမှာ ပြုလုပ်သွားတာဖြစ်ပြီး ဘုန်းကြီးကျောင်းအပါဝင် လူနေအိမ်အများပြား မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

လေကြောင်း တိုက်ခိုက်ခံရတဲ့ ကျေးရွာနဲ့ ပတ်ဝန်းကျင်တွေမှာ ဘာတိုက်ပွဲမှ မရှိဘဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လေကြောင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်(ဆော)တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ဆိုပါတယ်။

 

“အကြည်ရွာမှာ ဘယ်တိုက်ပွဲမှ မရှိသလို တော်လှန်ရေး တပ်ဖွဲ့တွေ အခြေချတဲ့ တပ်စခန်းလည်း မရှိဘူး။ ပြီးတော့ လေကြောင်းတိုက်ခိုက်တဲ့ နေရာကလည်း ဘုန်းကြီးကျောင်းနဲ့ ရွာပတ်လည်ကို ဗုံးကြဲသွားတာ။ ဒါက အရပ်သားတွေကို ထိခိုက်စေချင်လို့၊ သေစေချင်လို့ တမင်ရည်ရွယ်ပြီး တိုက်ခိုက်သွားတာဖြစ်တယ်။”လို့ သူက ပြောပါတယ်။

 

စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုအပြီးမှာ ကျောက်ထုနယ် အရှေ့ဖက်ခြမ်းရှိ ကျေးရွာတွေကို ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – CJ