ရေဦးမြို့မှာ စစ်မှုထမ်းဖို့ဆိုကာ ဖြတ်သွားဖြတ်လာ လူငယ်တွေကိုပါ စစ်တပ်က ဖမ်းဆီးနေ

Author မင်းထက်
Categories
Published on May 09, 2024

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ  စစ်မှုထမ်းဖို့ဆိုပြီး ဖြတ်သွားဖြတ်လာ ဒေသခံအမျိုးသားတွေကိုပါ စစ်ကောင်စီတပ်က ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့  People’s Defense Comrade ပြန်ကြားရေး တာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က CJ Platform ကိုပြောပါတယ်။

 

မနေ့က မေလ ၉ ရက်နေ့ မနက်ပိုင်းမှာ မြို့ပေါ်မှာ သွားလာနေတဲ့ အမျိုးသား ရှစ်ဦးထက်မနည်းကို စစ်ကောင်တပ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

 

” မြို့ပေါ်  ဖြတ်သွားဖြတ်လာ ပြုလုပ်နေတဲ့ အမျိုးသားမှန်သမျှ အကုန်လိုက်ဆွဲနေတာ၊  အမျိုးသားတွေကိုပဲ အသက်ရွယ်မခွဲခြားပဲဆွဲနေတာ၊ မနက်ပိုင်းက ရှစ်ဦးထက်မနည်း အဆွဲခံရတာကတော့ အသက်ရွယ် မသိရသေးဘူး ။ ကျေးရွာပြည်သူတွေလား မြို့ပေါ်ကပြည်သူတွေလားဆိုတာ အတည်မပြုနိုင်သေးဘူး၊ အဆွဲခံရတာတော့အတည်ပြုတယ်” လို့ ကိုထူးခန့်ဇော်(အမေ့သား)က ပြောပါတယ်။

 

စစ်မှုထမ်း အပတ်စဉ် (၂) အတွက် ပြင်ဆင်နေချိန်  ဧပြီလ ၂၉ ရက်နေ့က စတင်ပြီး  စစ်ကောင်စီတပ်က ရေဦးမြို့ပေါ် ရပ်ကွက်တွေမှာ ညအချိန် နေအိမ်တွေထဲအထိ ဝင်ရောက်စီးနင်းပြီးတော့ အမျိုးသားတွေကို ဖမ်းဆီးတာ၊ လမ်းသွားလမ်းလာ အမျိုးသားတွေကို ဖမ်းဆီးတာတွေကို လုပ်ဆောင်ခဲ့တာဟာ ဒီကနေ့ထိဆို ၉၀ဦးကျော်ထိ ရှိနေပြီလို့ သိရပါတယ်။

 

ရေဦးမြို့ပေါ်က  အမျိုးသားအများဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေရချိန် ကျေးရွာနေ ပြည်သူတွေ မြို့ပေါ်ကို စျေးဝယ်လာချိန်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာကြောင့် ရေဦးမြို့ပေါ်ကို မသွားလာကြဖို့ကိုလည်း ဒေသတွင်း ကာကွယ်ရေးတပ်တွေက သတိပေးထားပါတယ်။

 

စစ်ကောင်စီရဲ့ ဖမ်းဆီးခံထားရသူတွေကိုတော့ ရေဦးမြို့ပေါ် က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှာ ထားရှိထားပြီး မိသားစုဝင်တွေကို ထမင်းပို့ခွင့်ပေးပေမယ့် စကားပြောခွင့် မပေးဘူးလို့ သိရပါတယ်။

 

ဖမ်းဆီးထားသူတွေကို ပြန်မလွှတ်ပေးဘဲ မုံရွာ နမခမှာ ရှိတဲ့ စစ်သင်တန်းကျောင်းကို ပို့ဖို့ ပြင်ဆင်နေတယ်လို့လည်း ကိုထူးခန့်ဇော် (အမေ့သား) ကပြောပါတယ်။

 

ဓာတ်ပုံ – pro- SCA

 

ပုံစာညွှန်း – စစ်ကောင်စီ၏ မတရားဖမ်းဆီးပြီး စစ်မှုထမ်းရန် စုဆောင်းခံရသူများ