တောင်ငူလေတပ်ကို ရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်လို့ အရာရှိ နှစ်ဦး၊ စစ်သည် ရှစ်ဦး သေဆုံးပြီး လေယာဉ်တချို့ပျက်စီး

Author မင်းထက်
Categories
Published on May 10, 2024

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ တောင်ငူလေတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဒီနေ့ မေလ ၁၀ ရက် နံနက် ၄ နာရီ ၁၃ မိနစ်ခန့်က ရှော့တိုက်ဒုံး ဆယ်လုံးနဲ့ ပစ်ခတ်ခဲ့ရာ အရာရှိ နှစ်ဦး၊ စစ်သည် ရှစ်ဦး သေဆုံးပြီး လေယာဉ်ထိခိုက်ပျက်ဆီးမှုတွေရှိတယ်လို့  Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ပြန်ကြားရေးတာ၀န်ခံက CJ Platform ကိုပြောပါတယ်။

 

BWM အဖွဲ့ရဲ့  စီမံမှုနဲ့ Mountain Knights Civilian Defense Force (MKCDF) အဖွဲ့က  သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့၊ Fighter Sar Kae အဖွဲ့၊ စစ်ဒေသ ၃၁ ပါတီရဲဘော်တွေနဲ့ ပူးပေါင်းတပ်တွေက တောင်ငူလေတပ်စခန်းအတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးပစ်ခတ်ခဲ့ရာ ပစ်မှတ်ကို  ခုနစ်လုံးအောင်မြင်ထိမှန်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုပစ်ခတ်တိုက်ခိုက်တဲ့အတွက် K8 Hangar တစ်လုံး မီးလောင်ပျက်စီးသလို အဆောက်အအုံပြိုကျမှုကြောင့် ဂျက်ဖိုက်တာ တစ်စင်း အတောင်ကျိုးတဲ့အပြင် နောက်ထပ်ဂျက်ဖိုက်တာတစ်စင်းလည်း အမြီးပိုင်းကျိုးသွားခဲ့တာကို တပ်တွင်းသတင်းအရင်းမြစ်ဆီက  သိရတယ်လို့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

 

တော်လှန်ရေးတပ်တွေပစ်လိုက်တဲ့ ရှော့ဒုံးတွေက ခဲယမ်းဂိုဒေါင်အနီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဓာတုဗုံးတွေရွှေ့ပြောင်းလျက်ရှိတဲ့အပြင် အဆောက်အအုံနှစ်လုံးနဲ့ ပရိဘောကပစ္စည်းတချို့ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ ကနဦးစုံစမ်းသိရှိချက်တွေကို BWM က သတင်းထုတ်ပြန်ထားပါတယ်။

“တောင်ငူလေတပ်ဟာ စစ်ကောင်စီအနေနဲ့ ကရင်နီဒေသအပါအဝင် ကရင်ပြည်နယ် တောင်ပိုင်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့အခါ အဓိက အားကိုးအားထားပြုရတဲ့ လေတပ်စခန်းတစ်ခုဖြစ်ပါတယ်” လို့ အဖွဲ့ရဲ့ ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။

 

အခုလို တိုက်ခိုက်မှုအတွက် တစ်လကြိုတင်ပြင်ဆင်ခဲ့ရပြီး မိုးရွာတဲ့အပြင် လုံခြုံရေးတင်းကြပ်နေတဲ့ကြားက ရဲဘော်တွေ ခက်ခက်ခဲခဲလုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် အရာရှိ နှစ်ဦး၊ စစ်သည် ရှစ်ဦး ကျဆုံးခဲ့ပြီး အရာရှိ သုံးဦး၊ တခြားစစ်သည် ငါးဦး ဒဏ်ရာအပြင်းအထန်းရရှိထားတယ်လို့ အထက်ပါတာ၀န်ရှိသူက ပြောပါတယ်။

စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေကို အရင်ကထက် ပိုမိုအသုံးပြုလာပြီး ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေအပေါ် ဓာတုဗုံး၊ အဆိပ်ဗုံးတို့နဲ့ မရပ်မနားကြဲချနေတဲ့အပြင် လတ်တလောမှာ ကရင်နီဒေသ ကုန်းသာရွာနဲ့ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ် အကြည်ပန်းပလွန်းရွာ ဘုန်းကြီးကျောင်းအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားဒေသတွေက ကလေးသူငယ်တွေနဲ့ ပြည်သူတွေကို ရန်သူလို လေကြောင်းနဲ့ တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီ အားထားရတဲ့ တောင်ငူလေတပ်စခန်းကို အခုလိုတိုက်ခိုက်ရတာဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ကြေညာထားပါတယ်။

 

လေတပ်ပြိုရင် နွေဦးတော်လှန်ရေး အောင်ပွဲရနိုင်တဲ့အတွက်ကြောင့်  BWM အနေနဲ့ MKCDF အဖွဲ့အပါအဝင် မိတ်ဖက်တော်လှန်ရေးအဖွဲ့တွေနဲ့ လက်တွဲပြီး လေတပ်ပစ်မှတ်တွေကို တစိုက်မတ်မတ် ဆက်လက်ပစ်ခတ်တိုက်ခိုက်သွားမယ်လို့  တော်လှန်ရေးတပ်တွေက ကြေညာထားပါတယ်။

 

အခုလုပ်ဆောင်မှုဟာ တောင်ငူလေဆိပ်ကို ဒုတိယအကြိမ် တိုက်ခိုက်တာဖြစ်ပြီး တောင်ငူလေတပ်စခန်းကို ပထမအကြိမ် တိုက်ခိုက်မှုအနေနဲ့ မတ်လ ၁၄ ရက်၊ ည ၈နာရီ ၄၄ မိနစ်ခန့်က BWM အပါအ၀င် တော်လှန်ရေးပူးပေါင်းတပ်တွေက ၁၀၇ မမ ရှော့တိုက်ဒုံး ငါးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့​တယ်လို့ Brave Warriors for Myanmar (BWM) ထံက သိရပါတယ်။

 

ဓာတ်ပုံ – Brave Warriors for Myanmar (BWM)