မြင်းခြံ၊ ဆုံရွာ တိုက်ပွဲထဲ PDF ပစ်ခတ်လို့ ဒေသခံ ၃၂ ဦးသေဆုံးလို့ စစ်ကောင်စီစွပ်စွဲမှု မမှန်ကန်ဟုဆို
ပျူစောထီးအဖွဲ့ဝင်တွေနေထိုင်တဲ့ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာကျေးရွာကို PDF တွေက လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ဒေသခံ ၃၂ ဦးသေဆုံးတယ်လို့ စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာများက အသီးသီးဝါဒဖြန့်ခဲ့တာနဲ့ပတ်သက်ပြီး အဲဒီတိုက်ပွဲမှာပါဝင်ခဲ့တဲ့ ဒေသတွင်းကာကွယ်ရေးတပ်တွေဘက်က ပြန်လည်ငြင်းဆိုကြပါတယ်။
စစ်ကောင်စီလက်အောက်ခံ သတင်းဌာနတွေနဲ့ သူတို့လက်ဝေခံမီဒီယာတွေဟာ ဆုံရွာမှာ မနေ့ မေလ ၉ ရက် မနက်ပိုင်းက PDF ရဲ့ပစ်ခတ်မှုတွေကြောင့် အဲဒီကရွာခံ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၃၂ သေဆုံးခဲ့ပြီး အမျိုးသား ၅ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာတွေရခဲ့တယ်လို့ ပြောသူမပါဘဲ သတင်းရေးသားဖော်ပြခဲ့ကြပါတယ်။
ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်တွေဘက်က မလုပ်ဆောင်ခဲ့ဘူးလို့ ငြင်းချက်ထုတ်ပါတယ်။
“ပြည်သူတွေကို သတ်တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘက်က လုံးဝလက်ခံမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီလိုလုပ်ရပ်မျိုးကို ကျွန်တော်တို့ ဘယ်တော့မှ လုပ်မှာ မဟုတ်လို့ပါ” လို့ Myingyan Black Tiger(MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက CJ Platform ကိုပြောပါတယ်။
MBT ဟာ ဆုံရွာရှိ စစ်ကောင်စီနဲ့ ပျူပူးပေါင်းတပ်တွေ တပ်စွဲထားရာ စခန်းတွေကို တိုက်ခိုက်မှုမှာ ပါဝင်ခဲ့ပါတယ်။
“တိုက်ပွဲဖြစ်နေချိန်အတွင်းမှာတောင် ကျွန်တော်တို့ ကယ်တင်ပေးခဲ့တဲ့ သူတို့ရွာက သက်ကြီးရွယ်အို ပြည်သူတွေတောင်ပါပါတယ်။ ဒါကိုလည်း ဗီဒီယိုဖိုင် သက်သေတွေရှိပါတယ်။ ပြီးတော့ သူတို့ရွာမှာ သူတို့အနေနဲ့ ဘယ် PDF ပဲလာလာ သူတို့ခံတိုက်နိုင်ကြောင်း၊ သူတို့နိုင်ကြာင်း၊ ပြန်ပြေးစရာမလိုကြောင်း ကြွေးကြော်ထားတာရှိတယ်။ တကယ်လို့ ပြန်ပြေးခဲ့ရင်လည်း သူတို့ကိုယ်တိုင် ပစ်သတ်မယ်လို့ ပြောထားတာရှိပါတယ်” လို့ သူက ပြောပါတယ်။
အိမ်ခြေ ၃၀ဝ ခန့်ရှိပြီး ပျူစောထီးတွေနဲ့ အရပ်သားတွေအတူနေထိုင်တဲ့ ဆုံရွာကို မနေ့က မေ ၉ ရက် မနက်အစောပိုင်း ၅ နာရီခန့်က ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၈ နာရီမှာတော့ ရန်သူ့စခန်းတွေကို အပြီးသတ်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်လို့ တိုက်ခိုက်ခဲ့တဲ့တပ်ဖွဲ့တွေက ထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း မျက်မြင်အရ ငါးဦးသေဆုံးပြီး ကျန်တဲ့ပျူစောထီးတွေဟာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပြီး စစ်ကောင်စီနဲ့ ပျူအဖွဲ့ဝင်တွေ အခြေချနေရာတွေကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ MBT တပ်ဖွဲ့ဆီက သိရပါတယ်။
ဒါ့အပြင် ဒေသကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ တိုက်ပွဲပြီးဆုံးချိန်မှာလည်း ရွာတွင်းပိတ်မိနေတဲ့ သက်ကြီးရွယ်အိုတွေကိုလည်း ဘေးလွတ်ရာကယ်ထုတ်ပေးခဲ့တယ်လို့ ပြောပါတယ်။
“ကျေးရွာက တော်လှန်ရေးအဖွဲ့တွေ ကယ်ထုတ်ခဲ့တဲ့အရေအတွက်တော့ ပြောရဆိုရခက်မယ်ဗျ။ ဘာလို့ဆို ပွိုင့်တွေက အများကြီးခွဲထားရတော့လေ ကျွန်တော်တို့ဘက်မှာတော့ အဘိုးတစ်ယောက်၊ အဘွားတစ်ယောက်ကို ကယ်ထုတ်ခဲ့တယ်” လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။
အထက်ပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း- ၉ (MBT)၊ မြင်းခြံခရိုင် တပ်ရင်း ၆ ၊ တပ်ခွဲ ၁ နောင်ရိုးပြောက်ကြားတပ်ဖွဲ့၊ Bright Star Group (LPDF)၊ Myingyan District Drone Strike အမှတ် (၁၈၄၈) ဒရုန်းတပ်ဖွဲ့ Shar Htoo Waw နည်းပညာတပ်ဖွဲ့ (Team -2)၊ CDSOM၊ မန္တလေးခရိုင်တပ်ရင်း- ၅ နဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။
ဓာတ်ပုံ – Myingyan Black Tiger(MBT)