သုံးလခန့်ကြာမယ့် အခြေခံစစ်သင်တန်း ကဝ PDF စပေး၊ ရက်ရှည်စစ်သင်တန်းဖြစ်လို့ ရဲဘော်များအတွက် အထောက်အပံ့များလိုအပ်

Author မင်းထက်
Categories
Published on May 10, 2024

ပဲခူးတိုင်း၊ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အပတ်စဉ်(၅)အခြေခံစစ်သင်တန်းကို သင်တန်းသား ၅၀ နီးပါးနဲ့ စပေးနေပြီလို့ အဲဒီတပ်ဖွဲ့ တာဝန်ခံ ကိုကျော်နိုင်က CJ Platform ကိုပြောပါတယ်။

အရင် တစ်လခွဲအကြာဆုံးသာ ပေးခဲ့တဲ့စစ်သင်တန်းတွေကနေ အခုအပတ်စဉ်မှာ ရက် ၇၀ ကနေ ၉၀ လောက်အထိပေးဖို့ ဆုံးဖြတ်ထားတယ်လို့ သူက ပြောပါတယ်။ အခုအပတ်စဉ်မှာ စစ်ရေးအပြင် နိုင်ငံရေးနဲ့ အခြေခံဗဟုသုတတွေကအစ သင်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“တကယ့်ရင်ဆိုင်တိုက်ပွဲတွေမှာ ရက်တိုတိုနဲ့ သင်တန်းပေးရတဲ့အတွက် အခြေခံလိုအပ်ချက်အများကြီးရှိလာတာတွေ့ရတယ်။ ဆိုတော့ သင်တန်းမှူးတွေ စုတိုင်ပင်ပြီး သင်တန်းအပတ်စဉ် ၅ အတွက် ဆွေးနွေးကြတာပေါ့နော်။ အနည်းဆုံး ရက် ၇၀ သို့မဟုတ် ရက် ၉၀ လောက်ပေးမယ်လို့ စဉ်းစားပါတယ်” လို့ တာဝန်ခံက ပြောပါတယ်။

သင်တန်းအတွင်း စခန်းသိမ်းတိုက်ပွဲများ၊ ပျောက်ကြားနဲ့ ရင်ဆိုင်တိုက်ပွဲများ၊ လမ်းပိုင်းတွေမှာ ပျောက်ကြားတိုက်ရင် နေရာယူပုံယူနည်းတွေအပြင် ရေကူးသင်တန်း၊ နေ့တိုက်ပွဲ၊ ညတိုက်ပွဲဆိုင်ရာ ပညာရပ်များ သင်ယူပေးလိုသောကြောင့် သင်တန်းကာလကို ရက်ရှည်သတ်မှတ်ခြင်းဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် သင်တန်းတွင် နိုင်ငံရေးဆွေးနွေးပွဲများ၊ လူ့အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲများ၊ သိသင့်သိထိုက်တဲ့ အသိပညာတွေပါ မျှဝေသင်ကြားပေးဖို့ စီစဉ်ထားတယ်လို့ ကိုကျော်နိုင်က ပြောပါတယ်။

 

“တော်လှန်ရေးလုပ်နေပေမဲ့ တစ်ချိန်ကြ တော်လှန်ရေးသမားတွေက နိုင်ငံရေးမှာလည်း ပါဝင်နိုင်တဲ့အတွက်  တော်လှန်ရေး၊ နိုင်ငံရေး၊ အခြေခံဗဟုသုတတွေသင်ကြားပေးတာပါ။ ပြောရရင် လက်နက်ကိုင်ထားတဲ့ စစ်သားတစ်ယောက်က လက်နက်ကိုင်ထားရင် သူ့ရဲ့နှလုံးသားတွေက ကြမ်းတမ်းသွားတယ်။ သူရဲ့စိတ်ထားတွေ ကြမ်းတမ်းသွားတာ မဖြစ်ရအောင် လက်ရုံးရည်လည်းရှိရမယ်။ နှလုံးရည်လည်း ရှိရမယ်ဆိုတဲ့ဟာကို ရည်ရွယ်ပြီး သင်တန်းပေးမယ်လို့ဆုံးဖြတ်ခဲ့တာပါ” လို့ Kawa PDF တာဝန်ခံ ကိုကျော်နိုင်က ဆိုသည်။

 

အခုအပတ်စဉ်မှာ အမျိုးသမီးသင်တန်းသူ သုံးဦးပါဝင်ပြီး သင်တန်းသားအများစုဟာ အသက် ၁၈ ကနေ ၂၀ နှစ်ကျော် အများစုပါဝင်တယ်လို့ သိရပါတယ်။

 

ကဝမြို့နယ် PDF ကို NUG အစိုးရက ထောက်ပံ့မှုတချို့ရှိပေမဲ့ လုံလောက်မှုမရှိလို့ လတ်တလော  သင်တန်းလေ့ကျင့်ရေးဝတ်စုံကအစ လိုအပ်နေတဲ့အပြင် ယူနီဖောင်း၊ စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေလည်း လိုအပ်နေတယ်လို့ တာဝန်ခံက ပြောပါတယ်။

 

ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ်(၅)ဖွင့်ပွဲကို မေ ၅ ရက်နေ့က တောတွင်းတစ်နေရာမှာပြုလုပ်ခဲ့တာမှာ ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA)မှ တာဝန်ရှိသူများ၊ ပဲခူးခရိုင် (ပကဖ)တာဝန်ခံများ၊ မဟာမိတ်တပ်ဖွဲ့က တက်ရောက်ခဲ့ကြပါတယ်။

 

ဓာတ်ပုံ – ကဝမြို့နယ် PDF