သင်္ကြန်မှာ ရေပြွတ်သေနတ်နဲ့ ရေကစားဖို့တောင် မလွယ်ကူတော့တဲ့ မြန်မာပြည်က ကလေးငယ်များ

Author CJ Platform
Categories
Published on Apr 10, 2026

သင်္ကြန်ပွဲတော်နီးကပ်လာပေမယ့် ကလေးငယ်တွေအတွက် သင်္ကြန်ရေကစားဖို့ ရေပြွတ်နဲ့ အခြားသော ပစ္စည်းတွေဟာ စျေးနှုန်းကြီးမြင့်နေပြီး  သောင်းဂဏန်းအထိ ဈေးပေးဝယ်ရတာကြောင့် ဝယ်ယူနိုင်သူနည်းပါးနေတယ်လို့ မိဘတွေနဲ့ ရောင်းချသူတွေဆီက သိရပါတယ်။

 

ကလေးရေကစားပစ္စည်းတွေဟာ သောင်းဂဏန်းဝန်းကျင်မှ သိန်းဂဏန်းအထိ ဈေးနှုန်းမြင့်တက်လာတာကြောင့် မိဘတွေအနေနဲ့ သောင်းဂဏန်းအောက် ရေကစားစရာပစ္စည်းတွေကိုသာ ရွေးချယ် ဝယ်ပေးရတယ်လို့ မိဘတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ရေပြွတ်သေနတ်အသေးကို တစ်သောင်းခွဲ၊ နှစ်သောင်း၊ ကျောပိုးအိတ်နဲ့ရေသေနတ်ဆို သုံးသောင်းခွဲ၊ အချို့ရေသေနတ်တွေဆို လေးသောင်း၊ ငါးသောင်းရှိတယ်။ သင်္ကြန်ရက်မှာ စားသောက်ဖို့ပိုက်ဆံက ထားရတာဆိုတော့ ဈေးကြီးတာတွေ ဝယ်မပေးနိုင်ဘူး။ တစ်သောင်းအောက် ရေသေနတ်အသေးလေးတွေပဲ ဝယ်ပေးနိုင်တယ်” လို့ ပြောပါတယ်။

 

နှစ်စဉ် သောင်းဂဏန်းဝန်းကျင်သာရှိတဲ့ ရေသေနတ်တွေဟာ သုံးသောင်းကျပ်ကနေ ငါးသောင်းကျပ်အထိ ဈေးရှိပြီး အရင်က သုံး​သောင်းခွဲ၊ လေးသောင်းတန် ရေသေနတ်ဟာ တစ်သိန်းကျော်အထိ ဈေးတက်သွားတယ်လို့ ဝယ်ယူခဲ့သည့်မိဘတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“လျှပ်စစ်နဲ့အားသွင်းပြီး ပစ်ရတဲ့ ကလေးကစားစရာ ရေသေနတ်ဆို တစ်သိန်းခွဲအထိ ပေးရတယ်။ အရင်နှစ်က အဲ့သေနတ်တွေ အလွန်ဆုံးရှိမှ ငါးသောင်းခွဲ၊ ခြောက်သောင်း၊ ဈေးက နှစ်ဆနီးပါးတက်သွားတယ်။ ဒါပေမယ့် ဝယ်တဲ့သူနည်းပါတယ်။ ပိုက်ဆံရှိတဲ့သူတွေလောက်ပဲ ဝယ်ကြတာ” လို့ ပြောပါတယ်။

 

အခုလို ဈေးတက်ရခြင်းဟာ ပို့ဆောင်ရေးစရိတ်၊ သယ်ဆောင်ရာလမ်းတစ်လျှောက် ဂိတ်အသီးသီးကိုပေးရတဲ့ ဂိတ်ကြေး၊ စက်သုံးဆီဈေး မြင့်တက်လာတာကို တွက်ချက်ပြီး ဈေးနှုန်းမြင့်လာတာဖြစ်တယ်လို့ ရောင်းချသူတစ်ဦးက CJ Platform ကို ရှင်းပြပါတယ်။

 

“တိုင်းပြည်က မအေးချမ်းတဲ့အခါကျတော့ ဘယ်ဘုရားက တန်ခိုးကြီးမှန်းမသိဘူး၊ ဘယ်ကပဲသယ်သယ် ကုန်ပစ္စည်းမှန်ရင် ဂိတ်ကြေးပေးရတယ်။ ဂိတ်ပေါင်း ၄၀၊ ၅၀ ထက်မနည်းရှိတယ်။ အကောက်ခွန်လည်းရှိတယ်။ စက်သုံးဆီဈေးကလည်း တက်လာတော့ အကုန်လုံးပေါင်းပြီး ဈေးကြီးသွားတာပါ” လို့ ပြောပါတယ်။

 

သင်္ကြန်ကလေးရေကစားစရာပစ္စည်းများ ဈေးနှုန်းကြီးမြင့်လာပေမယ့် မိဘတွေအနေနဲ့ ကိုယ့်ဝင်ငွေနဲ့တွက်ချက်ကာ သောင်းဂဏန်းအောက် ကလေးရေကစားစရာပစ္စည်းများကိုသာ ဝယ်ယူကြတယ်လို့လည်း ရောင်းချသူက ဆက်ပြောပါတယ်။

 

စက်သုံးဆီရှားပါးလာတာကြောင့် အာဏာသိမ်းစစ်တပ်က ၂၀၂၆ ခုနှစ် သင်္ကြန်ကို မော်တော်ယာဉ်များနဲ့ လည်ပတ်ခြင်းကို ကန့်သတ်ထားပြီး ပြည်နဲ့တိုင်းအလိုက် လမ်းလျှောက်သင်္ကြန်ကိုသာ စီစဉ်ထားပါတယ်။