ချင်းပြည်တောင်ပိုင်းမှာ ငွေစက္ကူတွေရှားပါးနေလို့ ငွေကြေးသုံးစွဲမှု အခက်ကြုံနေရ

ချင်းပြည်တောင်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားပြီးနောက် ငွေစက္ကူတွေ ရှားပါလာပြီး ငွေကြေး သုံးစွဲရာမှာ အခက်ကြုံနေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပလက်ဝ၊ မတူပီ၊ မင်းတပ် နဲ့ ကန်ပက်လက်မြို့နယ်တွေထဲမှာ ငွေစက္ကူတွေ ရှားပါလာတာဖြစ်ပြီး ငွေကြေးလဲလှယ်ထုတ်ယူဖို့ Wave Money နဲ့ Kpay တွေနဲ့သာ အသုံးပြုနေရတဲ့အပြင် ငွေထုတ်ဖို့ ရက်နဲ့ချီစောင့်ဆိုင်းနေရတယ်လို့ ဆိုပါတယ်။
“ ငွေစက္ကူတွေက အပြဲအစုတ်နဲ့ ဟောင်းနွမ်းနေတာတွေပဲ များနေတာ။ ရှိတဲ့ဆိုင်မှာ ထုတ်ပြန်တော့ သုံးလေးရက်စောင့်ရတယ်။ ယောတို့ ဆောတို့ဘက် သွားထုတ်ရင်တော့ လွယ်လွယ်ရပေမဲ့ ခရီးစရိတ်နဲ့က မကာဘူး” လို့ ပလက်ဝမြို့ ဒေသခံတစ်ဦးက CJ Platform ကိုပြောပါတယ်။
အဲဒီလို ငွေစက္ကူတွေ ရှားပါးလာတာကြောင့် ကျန်းမာရေး၊ သာရေးနာရေးအပြင် ဈေးရောင်း ဈေးဝယ်တဲ့ နေရာတွေမှာ များစွာ အခက်ကြုံနေရတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဒါ့အပြင် Wave နဲ့ Kpay ထုတ်ယူရာမှာလည်း ငွေထုတ်ခ ဈေးကြီးပြီး လိုသလောက်ထုတ်ယူမရတာတွေ ရှိတဲ့အပြင် ထုတ်ယူတဲ့ဆိုင်မှာ ငွေစက္ကူမရှိရင်လည်း ထုတ်ယူလို့မရဘူးလို့ ဒေသခံတစ်ဦးကလည်း ပြောပါတယ်။
အခုလို ငွေစက္ကူတွေအခက်အခဲတွေဖြစ်နေတာနဲ့ ပတ်သတ်ပြီး ဖြေရှင်းပေးနိုင်ဖို့ ချင်းညီနောင်တပ်ဖွဲ့ဝင် မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကို CJ Platform အနေနဲ့ မေးမြန်းထားဆဲ ဖြစ်ပါတယ်။
ငွေစက္ကူလဲလှယ်နိုင်ဖို့ အတွက် ယောနယ်ထဲကိုသွားရောက် လဲလှယ်လို့ရပေမဲ့ ခရီးစရိတ်က ၄ သိန်း ၅ သိန်း ဝန်းကျင်ရှိနေတာကြောင့် ငွေ တစ်သိန်း နှစ်သိန်းထုတ်ဖို့ အတွက်ဆိုရင် ငွေလဲဆိုင်တွေကို အားကိုးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်