စစ်ကိုင်းမြို့မှာ လူစည်ကားစေဖို့  နတ်တော်လအတွင်း ကထိန်ခင်း လှည့်လည်ခိုင်းခဲ့တဲ့ စစ်အုပ်စု

Author CJ Platform
Categories
Published on Dec 10, 2025

အသံတိတ်သပိတ်ကို အနှောင့်ယှက်ဖြစ်စေဖို့ အမျိုးမျိုးကြံဆောင်ပြီး ဆောင်ရွက်နေတဲ့ စစ်အုပ်စုဟာ စစ်ကိုင်းမြို့က လမ်းမတွေမှာ လူစည်ကားအောင် နတ်တော်လအတွင်း ကထိန်ကာလအလွန်မှာ စုပေါင်းဘုံကထိန်ကျင်းပခိုင်းပြီး မနေ့က ဒီဇင်ဘာ ၉ ရက်နေ့ ညနေပိုင်းမှာပဲ ပဒေသာပင် လှည့်လည်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

စစ်အုပ်စုက အဲဒီ စုပေါင်းဘုံကထိန်အတွက်  ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့ကစတင်ပြီး အိုးဝေအသင်းတွေ ၊ ဆိုင်ကယ်ကယ်ရီသမားတွေကို နေရာစုံမှာ ပဒေသာပင်အတွက် ဖိအားပေးအလှူခံမှုတွေစတင်ခဲ့ပြီး  မနေ့က ဒီဇင်ဘာ ၉ ရက်နေ့မှာ ပဒေသာပင်တွေ ပြင်ဆင်ပြီး  ညနေပိုင်းမှာပဲ လှည့်လည်ခဲ့တယ်လို့ သိရပါတယ်။

 

“ပြီးခဲ့တဲ့ ကထိန်လက စစ်ကိုင်းတစ်မြို့လုံး အိုးဝေ ကထိန်က အကြီးအကျယ်လုပ်ပြီးသွားပြီ ကထိန်လမှာ တစ်မြို့လုံးလှည့်လည်ပြီးတော့ အိုးဝေတွေနဲ့ ဒါဒုတိယအကြိမ်လို ဖြစ်နေတာ” လို့ မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

 

နိုင်ငံတကာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တော်လှန်ရေးအင်အားစုတွေက စစ်အာဏာသိမ်းပြီးနောက် ၅ ကြိမ်မြောက်အဖြစ် နိုင်ငံတဝှမ်း အသံတိတ်သပိတ် လုပ်ဆောင်ဖို့ တိုက်တွန်းမှုတွေရှိခဲ့တာကြောင့်  စစ်အုပ်စုက ခုလို မြို့ပေါ်လမ်းမတွေမှာ လူစည်ကားစေဖို့ စေခိုင်းတာလို့လည်း သူကပြောပါတယ်။

 

ကထိန်ပွဲတော်ဟာ ရာသီမရွေး  ခင်းကျင်းလုပ်ဆောင်လို့ ရတဲ့ ပွဲမဟုတ်ဘဲ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိသာ ခင်းကျင်းကြရပြီး ဝါတွင်း သုံးလပတ်လုံး ဝါကျိုးမပျက်ပဲ ပဝါရဏာပြုသော ရဟန်းရှိရာ ကျောင်းတိုက်တွေမှာ ခင်ကျင်းလှူဒါန်းကြရတာ ဖြစ်ပါတယ်။

 

စစ်ကိုင်းမြို့က မဟာ ဘုံကထိန်အလှူတော် အခင်းအကျင်းလုပ်ဆောင်နေတာနဲ့ပက်သက်ပြီး  “ ကထိန်က တန်ဆောင်မုန်းလပြည့်နေ့က နောက်ဆုံးပဲ  ၊ အဲဒီနောက်က ဝဿဝါသိက အလှူပဲ  ၊ သိထားဖို့က သံဃာတွေကတော့ တန်ဆောင်မုန်းလပြည့်ကျော်ရင် ကထိန်ခင်းခွင့်မရှိဘူး ၊ လှူရံကဘယ်ချန််ဖြစ်ဖြစ်ရတယ်၊ အလှူခံတဲ့ ဘုန်းကြီးကျောင်းက နှစ်ခါအလှူခံခွင့်မရှိဘူး ၊ ကထိန်နှစ်ခါခင်းခွင့်မရှိဘူး” လို့  စစ်ကိုင်းမြို့က ဆရာတော်တစ်ပါးက မိန့်ပါတယ်။

 

စစ်အုပ်စုက ပြည်လုံးကျွတ်အသံတိတ်သပိတ်ကို နှောက်ယှက်နိုင်ဖို့ နည်းလမ်းမျိုးစုံအသုံးပြုခဲ့ပေမယ့် ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာတေ့ စစ်ကိုင်းအပါအဝင်   မုံရွာ ၊ မန္တလေး ၊ ရန်ကုန်မြို့ စတဲ့ မြို့ကြီးတွေမှာ အသံတိတ်သပိတ်မှာ တော်လှန်ရေးအင်အားစုတွေနဲ့အတူ လူထုကပါဝင်တာကို တွေ့ရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်