ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွဲချက် ကြားနာဖို့ စစ်အုပ်စုကိုယ်စားလှယ်အဖွဲ့ ICJ ကို သွားရောက်
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်တွေကို ကြားနာဖို့ စစ်အုပ်စုကိုယ်စားလှယ်အဖွဲ့ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ကို ထွက်ခွာသွားပြီလို့ ဒီနေ့ ဇန်နဝါရီ ၁၀ ရက်မှာ စစ်အုပ်စုက ထုတ်ပြန်လာပါတယ်။
လာမယ့် ဇန်နဝါရီ ၁၂ ရက်ကနေ ၂၉ ရက်နေ့အထိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ပြုလုပ်မယ့် ကြားနာပွဲကို စစ်အုပ်စုကိုယ်စားလှယ်တွေဖြစ်တဲ့ သမ္မတရုံးဝန်ကြီးဌာန ၂ ဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်တဲ့အဖွဲ့က သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်မှာ စစ်အုပ်စုဘက်က ကိုယ်စားလှယ်တွေ ကြားနာပွဲတက်ရောက်ခဲ့ပြီးနောက် ICJ ကြားနာပွဲကို အခု ဒုတိယအကြိမ် ထပ်မံတက်ရောက်လာတာ ဖြစ်ပါတယ်။
အခု ဇန်နဝါရီလထဲမှာပြုလုပ်မယ့် ICJ ကြားနာပွဲ ပထမပိုင်းကြားနာမှုအဖြစ် ဇန်နဝါရီ ၁၂ ရက်ကနေ ၁၅ ရက်နေ့အထိ ဂမ်ဘီယာနိုင်ငံဘက်က စတင်လျှောက်လဲရမှာဖြစ်ပြီး ဇန်နဝါရီ ၁၆ ရက်ကနေ ၂၀ ရက်နေ့အထိ မြန်မာဘက်က လျှောက်လဲရမှာဖြစ်တယ်လို့ ICJ တရားရုံးက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီနောက် ဇန်နဝါရီ ၂၀ ရက်ကနေ ၂၃ ရက်နေ့အထိ အသိသက်သေတွေကို တံခါးပိတ် စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး ဒုတိယအကြိမ်ကြားနာမှုကို ဇန်နဝါရီ ၂၆၊ ၂၇ ရက်မှာတော့ ဂမ်ဘီယာနိုင်ငံဘက်က လျှောက်လဲရမှာဖြစ်ပြီး ဇန်နဝါရီ ၂၈၊ ၂၉ ရက်မှာတော့ မြန်မာဘက်က ဆက်လက်လျှောက်လဲရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် စစ်တပ်အာဏာမသိမ်းခင် ဇန်နဝါရီ ၂၃ ရက်ကလည်း ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကနေ အကာအကွယ်ပေးဖို့၊ စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ဆက်မလုပ်ဖို့အပါအဝင် အချက် ၄ ချက်ပါဝင်တဲ့ ကြားဖြတ်အစီအမံတွေကို ICJ တရားရုံး တရားသူကြီး ၁၇ ဦးက သဘောတူချမှတ်ထားခဲ့ပါသေးတယ်။
၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်နဲ့ ခေါင်းဆောင်တွေကို ၂၀၁၉ နိုဝင်ဘာ ၁၁ ရက်မှာ ICJ အဖွဲ့ဝင် ဂမ်ဘီယာနိုင်ငံက စတင်တရားစွဲဆိုခဲ့ပြီးနောက် ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ကြားနာမှုတွေ ဆက်လက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – Reuters
