ကျားဖြန့်နှိမ်နင်းရေးနဲ့ ပတ်သက်ပြီး စောင့်ကြည့်ဖို့ ထိုင်းဝန်ကြီးချုပ် မဲဆောက်ကို သွားရောက်

Author CJ Platform
Categories
Published on Nov 10, 2025

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်က အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) နှိမ်နင်းရေးတွေကို စောင့်ကြည့်ကွပ်ကဲဖို့နဲ့ ကျားဖြန့်စင်တာတွေကနေ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူတွေကို ကူညီထောက်ပံ့မှုတွေပေးဖို့ ထိုင်းဝန်ကြီးချုပ် အနုထင်ချန်ဗီရာကူနဲ့ အစိုးရအဖွဲ့ဟာ တာ့ခ်ခရိုင် မဲဆောက်မြို့ကို ဒီနေ့ နေ့လယ်ပိုင်းမှာ သွားရောက်ခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ထိုင်းဝန်ကြီးချုပ် အနုထင်ရဲ့ မဲဆောက်ခရီးစဉ်မှာ လူမှုဖူလုံရေးနှင့် လုံခြုံရေးဝန်ကြီး၊ ဝန်ကြီးချုပ်ရုံး လက်ထောက်အတွင်းဝန်ချုပ်၊ ပြည်ထဲရေး အမြဲတမ်းအတွင်းဝန်နဲ့ တာဝန်ရှိသူတွေ လိုက်ပါလာပြီး ဒီနေ့ နိုဝင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းမှာ မဲဆောက်မြို့ လေဆိပ်ကို ရောက်ရှိခဲ့ကြတာပါ။

 

ဒါဟာ ထိုင်းနယ်စပ်တစ်လျှောက် ကျားဖြန့်နှိမ်နင်းရေးကို ထိုင်းစစ်တပ် အထူးတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်နဲ့ ဒေသအာဏာပိုင်တွေက နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာသူတွေကို စောင့်ကြပ်ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပြီး မိခင်နိုင်ငံကို ပြန်ပို့ချိန် ထိုင်းအစိုးရအဖွဲ့ကပါ လာရောက်စောင့်ကြည့်ကွပ်ကဲခဲ့တာလည်း ဖြစ်ပါတယ်။

 

ထိုင်းနယ်စပ် မဲဆောက်မြို့တစ်ဖက်ကမ်း မြန်မာနိုင်ငံအတွင်း ကရင်ပြည် မြဝတီမြို့တောင်ဘက်မှာရှိတဲ့ KK Park ကျားဖြန့်စင်တာကို စစ်ကော်မရှင်တပ်တွေနဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တို့က နှိမ်နင်းမှုတွေ လုပ်ဆောင်နေချိန် တရုတ်အပါအဝင် နိုင်ငံခြားသားထောင်နဲ့ချီ ထိုင်းနိုင်ငံထဲ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာနေကြတာ ဖြစ်ပါတယ်။

 

ဒီနေ့ညနေပိုင်းမှာလည်း KK Park ကျားဖြန့်စင်တာကနေထွက်လာပြီး ထိုင်းနိုင်ငံထဲ ရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံသား ၁၉၅ ဦး အိန္ဒိယစစ်တပ်က စစ်ဘက်သုံးလေယာဉ်နဲ့ လာရောက်ခေါ်ဆောင်ခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ် မဲဆောက်ကို ရောက်ရှိနေချိန် ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးကလည်း ဝန်ကြီးချုပ်နဲ့ လာရောက်တွေ့ဆုံခဲ့ပါသေးတယ်။

 

မဲဆောက်လေဆိပ်ကို ထိုင်းဝန်ကြီးချုပ် ရောက်ရှိချိန် နယ်စပ်တစ်လျှောက် ကျားဖြန့်နှိမ်နင်းရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့၊ လူကုန်ကူးမှု၊ နယ်စပ်လုံခြုံရေး နဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို အထူးသတိထားစောင့်ကြည့်ဖို့ကိုလည်း ပြောကြားခဲ့ပါတယ်။

 

ဓာတ်ပုံ – Tak Immigration