ရွေးကောက်ပွဲနီးလာချိန် စစ်အုပ်စု စစ်ကြောင်းကြောင့် ဝက်လက်ပြည်သူ သောင်းနဲ့ချီ ကူရာမဲ့နေ

Author CJ Platform
Categories
Published on Nov 10, 2025

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်အုပ်စုရဲ့ စစ်ကြောင်းထိုးဖမ်းဆီးတာ၊ မီးရှို့ဖျက်ဆီးတာနဲ့ ဒေသတွင်းတိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကနေ ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်နေ့အထိ ဒေသခံတွေ သောင်းနဲ့ချီဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ဒီလို ဒေသတွင်းမငြိမ်သက်မှုတွေကြောင့် ဝက်လက်မြို့နယ်က ကျေးရွာ ၂၁ ရွာခန့်က ဒေသခံ နှစ်သောင်းခန့်ဟာ ရက် ၂၀ ခန့်အကြာ ဘေးလွတ်ရာနေရာတွေမှာ ဖြစ်သလိုနေထိုင်နေကြရပြီး ဒေသခံတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ စစ်ရှောင်ကူညီရေး ဆောင်ရွက်နေသူတွေက နေရာချထားတာတွေ၊ စားနပ်ရိက္ခာအတွက် ကူညီပံ့ပိုးတာတွေ ဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။

 

“စစ်ရှောင် နှစ်သောင်းနီးပါး စားဝတ်နေရေးအတွက်ရော၊ ဆောင်းရာသီရောက်လာတာနဲ့ အနွေးထည်စောင်တွေလိုအပ်နေတယ်” လို့ ဒေသခံရဲဘော်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဆောင်းရာသီဝင်ရောက်လာတာနဲ့အမျှ စစ်ရှောင်တွေအတွက် အနွေးထည်၊ ဆောင်နဲ့ အမိုးအကာတွေလည်း လိုအပ်နေပြီး စားနပ်ရိက္ခာအတွက် ဆန်နဲ့ ဆီကတော့ အဓိကလိုအပ်ချက်ဖြစ်နေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူတွေဆီက သိရပါတယ်။

 

“လက်ရှိကတော့ စားနပ်ရိက္ခာအပြင် ဆောင်းရာသီရောက်လာတဲ့အတွက် အမိုးအကာနဲ့ အနွေးထည်တွေ လိုအပ်ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုလည်း လိုအပ်နေတယ်” လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်ရှောင်တွေအတွက် လူသားချင်း စာနာထောက်ထားမှုအကူအညီတွေပေးလိုပါက ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီကို ချိတ်ဆက်လှူဒါန်းနိုင်တယ်လို့လည်း ထုတ်ပြန်ပြောဆိုထားပါတယ်။

 

စစ်အုပ်စုဟာ အောက်တိုဘာလကတည်းက ဝက်လက်မြို့နယ်အတွင်းမှာ စစ်ကြောင်းထိုးနေသလို၊ အခု နိုဝင်ဘာလစောပိုင်းမှာလည်း စစ်အုပ်စုရဲ့ အထိုင်စခန်းရှိရာ ဝက်လက်မြို့နယ် ရွာသာကြီးကျေးရွာအနီးက တံတားဦး၊ မြင်တော်၊ ကဒူး၊ မူးကြီး၊ ထုံးဘို၊ ရွာတော်ကုန်း၊ တမာကုန်း စတဲ့ ကျေးရွာတွေကို စီးနင်းဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

 

ပျက်စီးမှုအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်အုပ်စု အန္တရာယ်ကြောင့် သတင်းအချက်အလက်တွေရရှိဖို့ ခက်ခဲနေကြောင်းကိုလည်း ဒေသခံအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

 

မနေ့က နိုဝင်ဘာ ၉ ရက်နေ့မှာလည်း စစ်အုပ်စု စစ်ကြောင်းဟာ ထုံးဘိုကျေးရွာကို နှစ်နေရာခွဲပြီး ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် နိုဝင်ဘာ ၆ ရက်နေ့ကလည်း ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထွက်ကာ ရွာစဉ် မီးရှို့ဖျက်ဆီးလာတဲ့ စစ်အုပ်စု စစ်ကြောင်းကို အထိုင်စခန်းမရောက်ခင်အချိန်မှာ တော်လှန်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်အုပ်စု တပ်သား ၁၇ ဦး သေဆုံးခဲ့ပြီး၊ တော်လှန်ရေးရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့က မနေ့က နိုဝင်ဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

 

ဝက်လက်မြို့နယ်အတွင်းမှာ အခုလို စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေအကြား စစ်ရေး တင်းမာလျက်ရှိနေတာ၊ စစ်အုပ်စုရဲ့ ဖမ်းဆီးသတ်ဖြတ်တာ၊ စစ်အုပ်စုက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ရှိနေတာကြောင့် ဒေသခံတွေဟာ နေရပ်ပြန်နိုင်ခြင်း မရှိပဲ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

 

ဓာတ်ပုံ – ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ