မြန်မာကနေ နေရပ်စွန့်ခွာပြီး ပင်လယ်ပြင်ကိုဖြတ်ကျော်ချိန် ပျောက်ဆုံးသူ တစ်နှစ်အတွင်း ၆၀၀ နီးပါးရှိလာ

Author CJ Platform
Categories
Published on Nov 10, 2025

မြန်မာနိုင်ငံထဲကနေ နေရပ်စွန့်ခွာလာပြီး ပင်လယ်ပြင်ကို စက်လှေနဲ့ဖြတ်ကျော်ချိန် ပျောက်ဆုံးနေတဲ့ ရိုဟင်ဂျာ တစ်နှစ်အတွင်း ၆၀၀ နီးပါးရှိလာပြီလို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

 

အခု ၂၀၂၅ ဇန်နဝါရီကနေ နိုဝင်ဘာလဆန်းအထိ မြန်မာနိုင်ငံ ရခိုင်ပြည်နဲ့ အခြားဒေသကနေ နေရပ်စွန့်ခွာထွက်လာသူ ရိုဟင်ဂျာ ၅၂၀၀ ကျော်အထိရှိခဲ့ပြီး ၅၉၆ ဦးဟာ ပင်လယ်ပြင်အတွင်း ပျောက်ဆုံးနေခဲ့တယ်လို့ သိရပါတယ်။

 

ဒါဟာ အခုလ နိုဝင်ဘာ ၂ ရက်နေ့အထိ ရရှိထားတဲ့အချက်အလက်တွေကို UNHCR က ဖော်ပြထားတာဖြစ်ပြီး ပြီးခဲ့တဲ့စနေနေ့က မလေးရှားနိုင်ငံ ပင်လယ်ပြင်ထဲမှာ မြန်မာနိုင်ငံကနေထွက်လာတဲ့ စက်လှေတစ်စင်းနစ်မြုပ်ခဲ့ပြီးနောက် ပျောက်ဆုံးနေတဲ့ ရိုဟင်ဂျာအရေအတွက် မပါဝင်သေးပါဘူး။

 

အခု နိုဝင်ဘာ ၈ ရက်နေ့က ထိုင်း-မလေးရှားနယ်စပ် ကဒါးပြည်နယ် လန်ကာဝီကျွန်းအနီး ပင်လယ်ပြင်ထဲမှာ ရိုဟင်ဂျာ ၃၀၀ ဝန်းကျင်ပါလာတဲ့ စက်လှေတစ်စင်း နစ်မြုပ်ခဲ့တာကြောင့် ၇ ရဲ့သေဆုံးအလောင်းကို တွေ့ရှိခဲ့ပြီး အသက်ရှင်သူ ၁၃ ဦးကို မလေးရှားရေတပ်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ စက်လှေပေါ်မှာပါလာတဲ့ ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ရိုက်တာသတင်းဌာနကလည်း ဖော်ပြထားပါတယ်။

 

စက်လှေနစ်မြုပ်ရာ ပျောက်ဆုံးနေသူတွေကို မလေးရှားရေတပ်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်ရှာဖွေနေပြီး မလေးရှားရေပိုင်နက်ထဲ တရားမဝင် ဝင်ရောက်လာသူတွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်ကနေ ထွက်ခွာလာသူတွေဖြစ်တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကလည်း မြန်မာနိုင်ငံထဲက ပင်လယ်ပြင်ကိုဖြတ်ကာ နေရပ်စွန့်ခွာထွက်ခွာလာတဲ့ ရိုဟင်ဂျာ ၉၁၉၅ ဦးရှိခဲ့ပြီး ပင်လယ်ပြင်အတွင်း ပျောက်ဆုံးခဲ့သူ ၆၅၇ ဦးအထိရှိခဲ့တယ်လို့လည်း UNHCR က ဖော်ပြထားပါတယ်။

 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၅ နှစ်တာကာလအတွင်း ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ၃ ဒသမ ၅ သန်းကျော်အထိရှိလာပြီး အိမ်နီးချင်း ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဆီ စက်လှေနဲ့ ပင်လယ်ပြင်ကိုဖြတ်ကျော်ဖို့ ကြိုးစားခဲ့တဲ့ ရိုဟင်ဂျာ ၂၂၀၀ ကျော်အထိ ရှိခဲ့တယ်လို့ UNHCR ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

 

ဓာတ်ပုံ – al Jazeera

 

 

Related News

Depend on news