မြောက်ဦး ခမရ (၅၄၀) တပ်ရင်းမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်များကို AA ထုတ်ပြန်ပြသ

Author အဂ္ဂ
Categories
Published on Feb 02, 2024

ရက္ခိုင့်တပ်တော် (AA) သည် ဇန်နဝါရီလ (၃၀) ရက်နေ့ညတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သော စစ်ကောင်စီ၏ အမှတ် (၅၄၀) ခြေမြန်တပ်ရင်း (ခမရ ၅၄၀) မှ သိမ်းဆည်းရမိသည့် လက်နက်ကြီး၊ လက်နက်ငယ်များကို ယနေ့ (ဖေဖော်ဝါရီ ၂ ရက်) နေ့လယ်ပိုင်းတွင် ထုတ်ပြန်ပြသခဲ့သည်။

မြောက်ဦးမြို့တွင် ခမရ(၃၇၇)၊ (၃၇၈)၊ (၅၄၀) ဟူ၍ စစ်ကောင်စီ၏ တပ်ရင်းသုံးရင်းရှိပြီး အဆိုပါ တပ်ရင်းများသည် ကမ္ဘာ့အမွေအနှစ်နှင့် ရခိုင်တိုင်းရင်းသားတို့၏ အမွေအနှစ်သည့် မြောက်ဦးမြို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ကာ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေပြီး အနီးအနားရှိ ပြည်သူလူထုကိုပါ လက်နက်ကြီး လက်နက်ငယ်များဖြင့် နှစ်ရှည်လများ ဒုက္ခပေးနေသည့်အတွက် တိုက်ခိုက်သိမ်းပိုက်ရခြင်း ဖြစ်သည်ဟု ရက္ခိုင့်တပ်တော်က ဆိုထားသည်။

ခမရ (၅၄၀) ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကျန်ရှိနေသေးသည့် ခမရ (၃၇၇)၊ (၃၇၈) တပ်ရင်းများကိုလည်း အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ရန် ရက္ခိုင့်တပ်တော်က ကြိုးပမ်းနေသည့်အတွက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။

 

ယမန်နှစ် နိုဝင်ဘာ (၁၃) ရက်မှ စတင်ကာ တကျော့ပြန်စစ်ပွဲ ပြန်လည်စတင်ခဲ့သည့် ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်အကြား ထိတွေ့တိုက်ပွဲများမှာ တစ်ရက်ပြီးတစ်ရက် ပိုမိုအရှိန်မြှင့်လာလျက်ရှိပြီး မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ရမ်းဗြဲနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသကဲ့သို့ ရခိုင်ဒေသ၏ နေရာအများစုတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်ဟု ညီနောင်သုံးဖွဲ့၏ ယမန်နေ့ (ဖေဖော်ဝါရီ ၁ ရက်) ည ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်သည်  ပြည်သူလူထုကို နှစ်ရှည်လများ ဒုက္ခပေးနေသည့် စစ်ကောင်စီ၏ စစ်စခန်းများ၊ ဗျူဟာကုန်းများ၊ တပ်မဌာနချုပ်စခန်းများ၊ လက်နက်ကြီးတပ်စခန်းများနှင့် ရဲတပ်ရင်းစခန်းများကို တစ်စခန်းမကျန် လိုက်လံချေမှုန်း တိုက်ခိုက်နေသည်ဟု ဆိုထားပြီး လက်ရှိတွင် ချင်းပြည် ပလက်ဝဒေသတစ်ခုလုံး၊ ရက္ခိုင်ပြည် ပေါက်တော်မြို့နှင့် ရက္ခိုင်ပြည်အနှံ့အပြားရှိ စစ်ကောင်စီ၏ အခြေစိုက်စခန်း ကြီး၊ငယ် ပေါင်း (၁၇၀) ကျော်ကို သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီလည်း ဖြစ်သည်။