နှစ်ပေါင်း ၃၀နီးပါး စစ်ကောင်စီတပ်စွဲထားတဲ့ အမိုနယ်စပ်စခန်းကို ကရင်ပူးပေါင်းတပ်သိမ်းပိုက်

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ တပ်မဟာ(၄)၊ ထီးခီးနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ပွိုင့် ၂၅၆၆ (အမိုနယ်စပ်) တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တွေက ဒီကနေ့ ဇွန်လ ၁၀ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
အဲဒီစစ်စခန်းဟာ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ထီးခီးလက်ကျန်စခန်းတွေထဲက တစ်ခုဖြစ်ပြီး စစ်ကောင်စီက ၁၉၉၇ ခုနှစ်က စတင်ဝင်ရောက် အထိုင်ချထားတဲ့ တပ်စခန်းဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ရှေ့တန်းတပ်စခန်း ပွိုင့် ၂၅၆၆ စခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ဝန်းကျင်ခန့်ရှိပြီး KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဇွန်လ ၈ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားကာ ဒီကနေ့မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေ အရ သိရပါတယ်။
ဓာတ်ပုံ – KNU