ကော့ကရိတ်အစပ်ရှိ ကျေးရွာကို စစ်ကောင်စီဗုံးကြဲလို့ စာသင်ကြားနေတဲ့ ကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံး

မွန်ပြည်၊ ကျိုက်မရောမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်ကြားရှိ ကပိုင်ရပ်ကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီကနေ့ ဇွန်လ ၉ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ်အတွင်း စာသင်ကြားနေတဲ့ ကလေးငယ် ၃ ဦးနဲ့ ဆရာမအပါအဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဗုံးဒဏ်ကြောင့် စာသင်ကြားနေတဲ့ ကလေးငယ် ၃ ဦးအပါအဝင် ၅ဦး ပွဲချင်းပြီး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
“ကလက်စတာဗုံးနဲ့ ကလေးတွေ စာသင်တဲ့အိမ်ကို ကြဲချခံရပါတယ်ရှင့်။ ဆေးရုံသွားတဲ့လမ်းမှာ ဆရာမက ဆုံးသွားတာပါ။ ဒဏ်ရာရတဲ့ ကလေးတွေထဲ စိုးရိမ်ရတဲ့သူတွေလည်း ပါပါတယ်” လို့ ဒေသခံအမျိုးသမီးက CJ Platform ကို ပြောပါတယ်။
သေဆုံးသွားတဲ့ ကလေးငယ်တွေဟာ အသက် ၇ နှစ်ဝန်းကျင်တွေ ဖြစ်ပြီး ဒဏ်ရာရှိသူတွေထဲမှာ အသက် ၄ နှစ်ကနေ ၉ နှစ်အထိ ကလေးငယ်တွေ ပါဝင်တယ်လို့ သိရပါတယ်။
စစ်ကောင်စီက မကြာခဏ စာသင်ကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျေးရွာက နေအိမ်တစ်လုံးကို စာသင်ကျောင်းကဲ့သို့ သတ်မှတ်ပြီး စာသင်ကြားနေချိန်မှာ စစ်ကောင်စီရဲ့ ဗုံးကြဲခြင်း ခံရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
အင်အားပြင်း ငလျင်ပြီးနောက်ပိုင်း အပစ်ရပ်တယ်ဆိုပြီး ကြေညာထားတဲ့ စစ်ကောင်စီက မတ် ၂၈ ရက်ကနေ ဇွန် ၆ ရက် နှစ်လကျော်ကာလအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၄၇၁ ဦး သေဆုံးပြီး ၉၃၁ ဦး ဒဏ်ရာရထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက ယမန်နေ့ ဇွန်လ ၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – ပေးပို့