ရှမ်းမြောက်မှာ နှစ်ဖက်အပစ်ရပ်ထားတဲ့ TNLA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်နေ ၊ စစ်ကောင်စီက လေကြောင်းကနေ အရပ်သားတွေကို တိုက်ခိုက်လို့ ကလေးငယ်အပါအဝင် ၅ဦးခန့်သေဆုံး

အပစ်အခတ်ရပ်စဲရေး တစ်လ သက်တမ်းတိုးထားတဲ့ စစ်ကောင်စီက ရှမ်းပြည်မြောက်ပိုင်း တအာင်းတပ် TNLA ထိန်းချုပ်ရာနေရာတွေကို မေလအတွင်း နေ့စဉ် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့အပြင် ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေတာကြောင့် စစ်ကောင်စီနဲ့ TNLA တို့ကြားတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
စစ်ကောင်စီက အရပ်သား နေရာတွေကိုပါ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် မေလရဲ့ ပထမ ၁၀ ရက် အတွင်း ဒေသခံ ၅ ဦးခန့် သေဆုံးခဲ့ရပြီး ၈ ဦးထက်မနဲ ဒဏ်ရာရရှိခဲ့ကာ ဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ်များစွာ ပျက်စီးခဲ့ရတယ်လို့ PSLF/TNLA ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာနေရာတွေအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ တွေကိုပါ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အပြင် အဆိပ်ငွေ့ဗုံးတွေကိုပါ အသုံးပြုခဲ့ပြီး လက်နက်ကြီး ဒရုန်းတွေနဲ့ပါ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အဲဒီလိုတိုက်ခိုက်ရာမှာ မေလ ၁ ရက်နေ့မှာ နောင်ချိုမြို့နယ် လုံခံကျေးရွာကို ဗုံး ၂ လုံးကြဲချခဲ့တဲ့အပြင် တိုက်ပွဲဖြစ်ပွားနေတဲ့ တောင်ခမ်းဒေသမှာလည်း ဒရုန်းဟောင်ဝပ်ဇာတွေနဲ့ အသုံးပြုတိုက်ခိုက်ခဲ့ပါတယ်။
မေလ ၂ ရက်နေ့မှာတော့ ညအချိန်တွေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မိုးကုတ်မြို့ အုတ်ပြင်ရပ်ကွက် ဓမ္မာရုံကို ပေါင် ၂၅၀ ဗုံး ၂ လုံးကြဲချတိုက်ခဲ့လို့ ဓမ္မာရုံနဲ့ နေအိမ် ၆ လုံးထိခိုက်ပျက်စီးခဲ့ရတဲ့အပြင် နောင်ချိုမြို့နယ် လုံဝယ်ကျေးရွာ ကိုလည်း ပေါင် ၃၀၀ ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
မေလ ၃ ရက်နေ့မှာတော့ စစ်ကောင်စီက မနက် ၉ နာရီမှာ မိုးကုတ်မြို့ ကသဲရပ်ကွက်၊ ည ၉ နာရီ ၅၅ မိန်စ်အချိန်မှာ ဆင်ခွာကျေးရွာနဲ့ နောင်ချိုမြို့နယ် ဝါးဘိုးကုန်းကျေးရွာကို ည ၈ နာရီမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မိုးကုတ်မြို့ ကသဲရပ်ကွက်က ဒေသခံတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၁၆ လုံး ထိခိုက်ပျက်စီးခဲ့ရပါတယ်။
ဒါ့အပြင် ဆင်ခွာကျေးရွာက ဘုန်တော်ကြီးကျောင်း နှစ်ကျောင်း ဓမ္မာရုံတွေထိခိုက်ပျက်စီးခဲ့ရပြီး နောင်ချိုမြို့နယ် ဝါးဘိုးကုန်းကျေးရွာက ကလေးငယ် တစ်ဦး ဒဏ်ရာရကာ စာသင်ကျောင်း တစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မေလ ၄ ရက်နေ့မှာလည်း စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နောင်ချိုမြို့ ရပ်ကွက် (၇)ကို ညနေ ၅ နာရီ ၂၀ မှာတစ်ကြိမ် ညနေ ၅ နာရီခွဲမှာ သုံးဆယ်ကျေးရွာကို တစ်ကြိမ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
မေလ ၅ ရက်နေ့မှာလည်း ကျောက်မဲမြို့ကို စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းကနေ မနက် ၁၁ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံးအပါအဝင် ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့လို့ လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရပါတယ်။
စစ်ကောင်စီက တအာင်းတပ် TNLA ထိန်းချုပ်ရာနေရာတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေချိန် မေလ ၆ ရက်နေ့မှာ အပစ်အခတ်ရပ်စဲရေးကာလကို မေလကုန်အထိ သက်တမ်းတိုးတယ်လို့ ကြေညာလိုက်ပေမဲ့ မေလ ၅ ရက်နေ့ကနေ ၈ ရက်နေ့အထိ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အပြင် အရပ်ပြည်သူနေရာတွေကိုလည်း ဗုံးကြဲတိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီက မေလ ၅ ရက်နေ့နဲ့ ၆ ရက်နေ့တို့မှာ တအာင်းတပ်တွေရှိရာ နောင်ချိုမြိုနယ်၊ သရက်ချိုကျေးရွာကို ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက်အပြန်လှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မေလ ၇ ရက်နေ့မှာ တောင်လှကျေးရွာအနီးနဲ့ ယာပြင်ကျေးရွာအနီးတို့ကို ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် နောင်ချိုမြို့နယ် သရက်ချိုကျေးရွာ၊ ယာပြင်ကျေးရွာနဲ့ နောင်လင်ကျေးရွာတို့ကို မေလ ၈ ရက်နေ့မှာ ထပ်မံစစ်ကြောင်းထိုး တိုက်ခိုက်လာတာကြောင့် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီး စစ်ကောင်စီက ဒရုန်းနဲ့ ၁၂ ကြိမ်၊ လက်နက်ကြီးနဲ့ ၇၀ နီးပါး၊ အဆိပ်ငွေ့ဗုံးနဲ့ ၁၂ ကြိမ်အပြင် လေကြောင်းတိုက်ခိုက်မှုတွေပါပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီက မေလ ၈ ရက်နေ့မှာပဲ နောင်ချိုမြို့နယ် သရက်ချိုကျေးရွာက မင်္ဂလာဆောင်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ၅ နှစ်အရွယ် ကလေးငယ်အပါအဝင် ၄ ဦးသေဆုံးခဲ့ရပြီး ၇ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
မေလ ၉ ရက်နေ့မှာလည်း နောင်ချိုမြို့နယ် သရက်ချိုကျေးရွာ၊ ယာပြင်ကျေးရွာ၊ နောင်လင်ကျေးရွာနဲ့ အုမ္မတီးကျေးရွာ တွေမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ဒရုန်းနဲ့ ၂၅ ကြိမ်နီးပါး၊ လက်နက်ကြီးနဲ့ ၃၅ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တဲ့အပြင် အဆိပ်ငွေ့သုံးဗုံးနဲ့ ၂၁ ကြိမ်ခန့် အသုံးပြုတိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီက အင်အားပြင်းငလျင်ဒဏ်ကြောင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ တစ်ကြိမ် ဧပြီလ ၂၂ ရက်နေ့ကနေ ဧပြီလကုန်ထိ တစ်ကြိမ် မေလ ၆ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲမယ်လို့ ကြေညာထားသလို့ တအာင်းတပ် TNLA ကလည်း ခုခံကာကွယ်ခြင်းကလွဲလို့ မေလကုန်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
TNLA အနေနဲ့ လက်ရှိအခြေအနေမှာ တဖက်သတ်အပစ်ရပ်ထားတာဖြစ်ပြီး အပစ်ရပ်ထားတဲ့ အချိန်ကုန်လွန်ပါက ဆက်လက်ပြီး အာဏာရှင် အဆုံးသတ်တဲ့အထိတစိုက်မတ်မတ် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဧပြီလ ၄ ရက်နေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး- ၂ ဗိုလ်မှူးကြီး တားပန်လ က ပြောဆိုထားပါတယ်။