နိုင်ငံတဝန်း ငလျင်ဘေးသင့်နေတဲ့အပြင် မိုးရွာနိုင်မယ်လို့ကြေညာထားပေမဲ့ ချောင်းသာက ဟိုတယ်တွေမှာ ဘိုကင်ပြည့်နေဆဲ

Author CJ Platform
Categories
Published on Apr 10, 2025

အင်အားပြင်း စစ်ကိုင်းငလျင်ကြောင့် နိုင်ငံတဝန်းထိခိုက်ဆုံးရှုံးမှုတွေနဲ့ သေဆုံးမှုတွေရှိနေတဲ့ အပြင် သင်္ကြန်ကာလအတွင်း မိုးရွာနိုင်မယ်လို့ ကြေညာထားပေမဲ့ ချောင်းသာကဟိုတယ်တွေမှာ ယနေ့အချိန်ထိ ဘိုကင်တွေပြည့်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။

 

ဟိုတယ်အခန်းတွေကို ပြီးခဲ့တဲ့ မတ်လဆန်းကတည်းက သင်္ကြန်ကာလအတွက် ဘိုကင်တင်ထားကြတာဖြစ်ပြီး ဟိုတယ်တွေအပြင် Guest House တွေလည်း ဒီကနေ့အချိန် ဘိုကင်တွေပြည့်နေပြီး အခန်းလွတ်အနည်းငယ်သာ ကျန်ရှိတယ်လို့ သိရပါတယ်။

 

“ ဘိုကင်ပြန်ဖျက်တာတွေတော့ မရှိသေးပါဘူး။ အခုအထိတော့ ပြည့်နေတုန်းပါ။ လွတ်ရင် နည်းနည်းပဲ လွတ်မယ် “ လို့ ချောင်းသာဒေသခံ တစ်ဦးက CJ Platform ကိုပြောပါတယ်။

 

လက်ရှိမှာတော့ ချောင်းသာကို သွားရောက်လည်ပတ်သူ အနည်းငယ်သာရှိနေပြီး ဟိုတယ်တွေ Guest House တွေမှာတော့ အခန်းလွတ်တွေ အနည်းငယ် ရှိနေသေးတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီက ပြင်းထန်တဲ့ငလျင်ဘေးအန္တရာယ်ကြောင့် ဝမ်းနည်းကြေကွဲနေရတဲ့ ကာလဖြစ်လို့ အခုနှစ်သင်္ကြန်ကို အပျော်အပါး သီဆိုကခုန်မှုတွေ မပါဝင်ဘဲ ရိုးရာယဥ်ကျေးမှုနဲ့အညီ  အေးချမ်းသာယာတဲ့သင်္ကြန်အဖြစ် ကျင်းပသွားမယ်လို့ ပြီးခဲ့တဲ့ဧပြီလ ၁ ရက်နေ့က ကြေညာခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ မတ်လလောက်က နိုင်ငံတဝန်း စတင်တည်ဆောက်ခဲ့တဲ့ သင်္ကြန်မဏ္ဍပ်တွေကို စစ်ခေါင်းဆောင် ထိုင်းနိုင်ငံက ပြန်လာပြီး နောက်တစ်ရက်မှာ ပြန်ဖျက်သွားခဲ့တာပါ။

 

အခုနှစ် သင်္ကြန်ရုံးပိတ်ရက်တွေထဲ မြို့ပေါ်မှာသင်္ကြန်မဏ္ဍပ်တွေ မရှိတော့သလို သီဆိုကခုန်မှုတွေ လမ်းလျောက်သင်္ကြန်တွေ မရှိ‌တော့တာကြောင့် ချောင်းသာကို လာရောက်လည်ပတ်သူတွေ များလာနိုင်တယ်လို့ ချောင်းသာဒေသခံတချို့က မျှော်လင့်နေကြပါတယ်။

 

“ အခုအချိန်မှာ ဧည်သည်ကတော့ တော်တော်ပါးတယ်။ သင်္ကြန်တွင်းကတော့ ရုံးပိတ်ရက်ဖြစ်လို့ လာကြမှာပါ။ အခုထိလဲ ဘိုကင်တွေပြည့်နေတုန်းပါပဲ “ လို့ ချောင်းသာရှိ အမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

စစ်ရိပ်စစ်ခြေလျော့ကျသွားပြီးနောက် ချောင်းသာကိုဒေသခံတွေပြန်ဝင်ရောက်လာကြပြီး ဖေဖော်ဝါရီလဆန်းပိုင်းက စတင်ကာ အပန်းဖြေခရီးထွက်တဲ့သူတွေလည်း တဖြေးဖြေး လာရောက် လည်ပတ်ခဲ့ကြတာပါ။

 

လက်ရှိမှာတော့ သာပေါင်း၊ ငါးသိုင်းချောင်း၊ ရေကြည်၊ လေးမျက်နှာမြို့နယ်တွေမှာ စစ်ကောင်စီက AA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေရှိတယ်ဆိုကာ စစ်ကြောင်းထိုးတာ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာတွေ အပြင် လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်တာတွေရှိနေပါတယ်။

 

ပုံစာ – ချောင်းသာကမ်းခြေကို မတ်လ ၂၀ရက်နေ့ ညနေပိုင်းက မြင်ရပုံ