NUG ရဲ့ မြန်မာ့နွေဦးတက္ကသိုလ်က ပထမဆုံးအကြိမ်အဖြစ် ဘွဲ့နှင်းသဘင်ကျင်းပ

အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ မြန်မာ့နွေဦးတက္ကသိုလ်မှာ တက်ရောက်အောင်မြင်ခဲ့တဲ့ ကျောင်းသားကျောင်းသူတွေကို ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပခဲ့ပြီး ဘွဲ့လက်မှတ်များပေးအပ်ခဲ့တယ်လို့ မြန်မာ့နွေဦးတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လူမှုကွန်ရက် Zoom ကနေပြုလုပ်ခဲ့တဲ့ အဲဒီဘွဲ့နှင်းသဘင် အခမ်းအနားကို မနက် ၉ နာရီမှာ စတင်ခဲ့တာဖြစ်ပြီး ဘွဲ့ရရှိသူ ၅၆ ဦးနဲ့ ဒီပလိုမာဘွဲ့ရရှိသူ ၄၉ ဦးစုစုပေါင်း ၁၀၅ ဦးကို ဘွဲ့လက်မှတ်တွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဘွဲ့ရမောင်မယ်တွေကို ကတိဝန်ခံချက်တောင်းခံပြီး ဘွဲ့လက်မှတ်များ အပ်နှင်းကာ ဘွဲ့ရမောင်မယ်တွေရဲ့ ဘွဲ့အသီးသီးနဲ့ လျော်ညီတဲ့ အမှတ်လက္ခဏာဖြစ်တဲ့ ဝတ်ရုံတွေကို တက္ကသိုလ် အဓိပတိက ဝတ်ဆင်ရန်ခွင့်ခဲ့ပြုတယ်လို့ သိရပါတယ်။
အဲဒီဘွဲ့နှင်းသဘင်အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းအပါအဝင် တက္ကသိုလ်အဓိပတိများ၊ ဆရာကြီး၊ ဆရာမကြီးများနဲ့ အဖွဲ့ဝင်တွေ စုံလင်စွာတက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာ့နွေဦးတက္ကသိုလ်ကနေ မဟာဝိဇ္ဇာဘွဲ့ ရရှိသူ ၈ ဦး၊ ဝိဇ္ဇာဂုဏ်ထူးတန်းဘွဲ့ ရရှိသူ ၃ ဦး၊ ဝိဇ္ဇာဘွဲ့ရရှိသူ ၉ ဦး၊ စိုက်ပျိုးရေးသိပ္ပံဘွဲ့ ရရှိသူ ၃၀ ဦး၊ တိရစ္ဆာန်ဆေးပညာဘွဲ့ ရရှိသူ ၆ ဦး နဲ့ ဒီပလိုမာဘွဲ့ ရရှိသူ ၄၉ ဦးကို ဘွဲ့များအပ်နှင်း ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
မြန်မာ့နွေဦးတက္ကသိုလ်တွင် CDM ကျောင်းသားကျောင်းသူတွေအတွက် ဝိဇ္ဇာ ၊ သိပ္ပံ ဘာသာရပ် ၃၀ ခန့်၊ အမျိုးသားယဥ်ကျေးမှုနှင့်အနုပညာ ဘာသာရပ်များ၊ တိရိစ္ဆာန်မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ဘာသာရပ်များ၊ စိုက်ပျိုးရေးနှင့်သက်ဆိုင်သော ဘာသာရပ်များကို သင်ကြားပို့ချပေးနေကြောင်း သိရပါတယ်။
ဒါ့အပြင် နည်းပညာ၊ ကွန်ပျူတာ ၊ဆေးဘက်ဆိုင်ရာဘာသာရပ်များနဲ့ ပညာရေးဘာသာရပ်တွေကိုတော့ လက်ရှိမှာသင်ကြားပေးနိုင်ခြင်းမရှိသေးပေမဲ့ နောက်ပိုင်းမှာ သင်ကြားပေးနိုင်ဖို့ ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဓါတ်ပုံ – မြန်မာ့နွေဦးတက္ကသိုလ်