မြောင်းမြမှာ စစ်မှုထမ်း လူစားထိုးဖို့ တပ်ရင်းမှူးဆီမှာဝယ်ရပြီး လူစားမထိုးနိုင်ပါက မြို့နယ်အုပ်ချုပ်ရေးမှူးကို သိန်း၅၀ ပေးရတယ်လို့ဆို

Author CJ Platform
Categories
Published on Mar 10, 2025

ဧရာဝတီတိုင်း မြောင်းမြမြို့မှာ စစ်မှုထမ်းဖို့ အတွက် ငွေကြေးကောက်ခံကာ တပ်ရင်းမှူးထံမှာ အစားထိုးမယ့်သူ ဝယ်ယူရပြီး မဝယ်နိုင်တဲ့ကျေးရွာတွေက မတ်လအတွက် စစ်မှုထမ်းရှောင်ရှားဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးကို သိန်း ၅၀ ပေးရတယ်လို့ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။

 

စစ်မှုထမ်းလူစားထိုးရမယ့် လူငယ်တစ်ဦးကို ကျပ်သိန်း ၁၂၀ ကနေ သိန်း ၁၅၀ အထိရှိတယ်လို့ သိရပြီး အစားထိုးထည့်ရမယ့်သူအတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေက တပ်ရင်းမှူးဆီသွားရောက် ဝယ်ယူရတာဖြစ်တယ်လို့ ဆိုပါတယ်။

 

“ တပ်ရင်းမှူးဆီ ပိုက်ဆံပေးဝယ်ရတာလေ။ ပေါ်တာဆွဲထားတဲ့ လူငယ်တွေကို ရောင်းတာတဲ့။ နိုင်ငံနဲ့ ပြည်သူတွေကို ကာကွယ်ရမဲ့ စစ်တပ်က လူမှောင်ခိုလုပ်နေတာ” လို့ ဒီအကြောင်းသိရှိသူ ဒေသခံတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

မြောင်းမြက အမှတ် ၉၃ ခြေလျင်တပ်ရင်း ခလရ-၉၃ တပ်ထဲမှာလည်း ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ လူငယ်တွေရှိတယ်လို့လည်းသူက ဆက်ပြောပါတယ်။

 

မြောင်းမြမှာ စစ်မှုထမ်းဖို့ အတွက် လိုက်မယ့်လူငယ်တွေမရှိပဲ ငွေကြေးပေးဆောင်ကာ လူစားထိုးဖြေရှင်းနေကြရပြီး တချို့ကျေးရွာတွေမှာ ငွေကြေးမပြည့်စုံတဲ့ အတွက် လူစားထိုးမထည့်နိုင်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးကို သိန်း ၅၀ ပေးကာ သွားရောက် အကူအညီတောင်းရတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

 

“ကိုယ့်ရွာလူမပေးရရေး မြို့နယ်အုပ်ချုပ်ရေးမှူးကို သိန်း၅၀ပေးရတယ်။ တစ်ချို့ရွာတွေက လူစားထိုးဖို့ဝယ်ရတာ ပိုက်ဆံများတော့ သွားအကူအညီတောင်းတာ။ ဒီလဒီရွာကို ရှောင်ပေးပါပေါ့” လို့ အုပ်ချုပ်ရေးမှူးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက CJ Platform ကိုပြောပါတယ်။

 

အဲဒီကရရှိတဲ့ငွေကို မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဒုအုပ်ချုပ်ရေးမှူးတို့က ခွဲဝေယူကြတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

 

အဲဒီလိုစစ်မှုထမ်းဖို့အတွက် လူမလိုက်ရပဲ ငွေကြေးပေးဆောင်ကာ နေထိုင်လို့ရနေတဲ့အတွက် သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပြီး ငွေပေးလို့မရတော့မှာကို စိုးရိမ်တယ်လို့ ဧရာဝတီတိုင်းအတွင်း နေထိုင်တဲ့ လူငယ်တစ်ချို့က ဆိုကြပါတယ်။

 

ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းလူစားထိုးတာကို တိုင်းအတွင်းထဲကသူတွေနဲ့သာ အစားထိုးလို့ရမှာဖြစ်ပြီး စစ်မှုထမ်းဖို့အတွက် မြို့နယ်အစီအစဉ်နဲ့သာ ရွေးချယ်သွားမှာဖြစ်ကာ ကျရာလူကို ဆင့်ခေါ်စာတွေပေးပို့သွားမှာ ဖြစ်တယ်လို့လည်း သတင်းတွေထွက်ပေါ်ထားပါတယ်။

 

ကျုံပျော်မြို့နယ်မှာတော့ မဲနှိုက်ရွေးချယ်တာတွေ မလုပ်တော့ပဲ ရပ်ကွက်တချို့မှာ ဆင့်ခေါ်စာတွေ အိမ်အရောက် ပို့ဆောင်ထားတယ် ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရှိရပြီး ဆင့်ခေါ်စာနဲ့ ဆင့်ခေါ်လာမှာကိုလည်း လူငယ်တွေ စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်