တော်လှန်ရေး ရန်ပုံငွေ ထည့်သွင်းထားသူတွေ မင်းတပ်မြို့တွင်း ပြန်ဝင်နေနိုင်ပြီ

ချင်းညီနောင်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ချင်းပြည်က မင်းတပ်မြို့ကို မနက်ဖြန် ဖေဖော်ဝါရီ ၁၁ ရက် အင်္ဂါနေ့ကစတင်ကာ စည်းကမ်းချက်တွေနဲ့အညီ ပြန်လည်ဝင်ရောက်နိုင်ပြီ ဖြစ်တယ်လို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။
မင်းတပ်မြို့ကို အပတ်စဉ် အင်္ဂါနေ့နဲ့ ကြာသပတေးနေ့ နှစ်ရက်သာ ဝင်ရောက်ခွင့်ပြုမှာဖြစ်ပြီး အဲဒီရက်တွေမှာ ကုန်စည်သယ်ယူပို့ဆောင်ရေးတွေကို ခွင့်ပြုမှာမဟုတ်ဘူးလို့ မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောပါတယ်။
“ မြို့ထဲဝင်ရောက်ပြီးသားသူတွေကတော့ မြို့ထဲမှာလွတ်လပ်စွာသွားလာခွင့်ရမှာပါ။ မြို့ထဲကပြန်ထွက်ချိန်မှာတော့ လွယ်ပါတယ်၊ မြို့ထဲပြန်ဝင်တဲ့အချိန်မှာသာ ထောက်ခံချက်တွေ လိုအပ်တာပါ” လို့ ဆလိုင်းယောမာန် က CJ Platform ကိုပြောပါတယ်။
မင်းတပ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်မည့်သူတွေအနေနဲ့ မြို့/တိုက်နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး တို့ရဲ့ ထောက်ခံချက်နဲ့သာ ဝင်ရောက်နေထိုင်ခွင့် ပြုမှာဖြစ်တယ်လို့ သိရပါတယ်။
မြို့သိမ်းတိုက်ပွဲကာလအတွင်း တော်လှန်ရေးရန်ပုံငွေအဖြစ် ထည့်ဝင်ကြောင်း နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးတွေကထောက်ခံချက်ကို အခမဲ့ထုတ်ပေးသွားမှာဖြစ်ပြီး မြို့ဝင်ဂိတ်တွေမှာ အဲဒီထောက်ခံချက် ပြသနိုင်မှသာ မြို့တွင်းဝင်ရောက်နိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲပါရှိပါတယ်။
တော်လှန်ရေးရန်ပုံငွေ ထည့်ဝင်ခြင်းမရှိသူတွေကတော့ မြို့ဝင်ဂိတ်တွေမှာ တော်လှန်ရေးရန်ပုံငွေထည့်ဝင်ကာ ဖြတ်ပိုင်းနဲ့ မြို့တွင်း ပြန်လည်ဝင်ရောက်ခွင့် ရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။
မင်းတပ်မြို့အတွင်း နေထိုင်သူတွေအနေနဲ့ အချက် ၁၂ ချက်ပါ စည်းကမ်းချက်တွေနဲ့ နေထိုင်ရမှာဖြစ်ပြီး မနက် ၆ နာရီကနေ ည ၇ နာရီထိလွတ်လပ်စွာ သွားလာနိုင်ကာ လူ ၁၀ ဦးထက်ပိုပြီး မစုဝေးဖို့နဲ့ မူးယစ်သောက်စား ခိုက်ရန်ဖြစ်တာတွေကိုတော့ တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်။
ဒါ့အပြင် အမှိုက်စွန့်ပစ်တာ မီးရှို့တာ လေသေနတ်ကိုင်ဆောင်တာတွေကို တားမြစ်ထားပြီး စစ်ကောင်စီအစိုးရရုံးတွေ မြေနေရာတွေကို ဝင်ရောက်ခြင်း ဖြတ်သန်းသွားလာတာတွေ မလုပ်ဖို့ကိုလည်း တားမြစ်ထားပါတယ်။
ကုန်တင်ကားတွေအနေနဲ့ မင်းတပ်မြို့ကို အင်္ဂါနေ့နဲ့ ကြာသပတေးနေ့ တို့ကလွဲပြီး မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်း ဖြတ်သန်းသွားလာနိုင်ကာ မင်းတပ်-မတူပီ ကားလမ်းမကြီးအတိုင်း တစ်နာရီကီလိုမီတာ ၃၀ နှုန်းနဲ့ ဖြတ်သန်းသွားလာနိုင်ပေမဲ့ မြို့ထဲ ရပ်နားခွင့်မပြုဘူးလို့လည်း သိရပါတယ်။
ကုန်စည်သယ်ယူရာမှာ မူးယစ်ဆေးဝါး လက်နက်ခဲယမ်းစတဲ့ တားမြစ်ထားတဲ့ ပစ္စည်းတွေကို သယ်ယူခွင့် ပိတ်ပင်ထားပြီး ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို မလိုက်နာပါက အပြစ်ပေးအရေးယူခံရမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မင်းတပ်မြို့ထဲ ဝင်ရောက်လာတဲ့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ် ကာကွယ်နိုင်ဖို့ ကတုတ်ကျင်းတူးတာ ဘန်ကာတွေ ပြုလုပ်ထားဖို့ကို အရင်ကတည်းက အသိပညာပေးထားတာမျိုးတွေရှိပြီး လေကြောင်းတိုက်ခိုက်မှုကာကွယ်နိုင်ဖို့ စည်းကမ်းချက်တွေကို လည်း ထပ်မံထုတ်ပြန်ဖို့ ရှိနေတယ်လို့လည်း ဆလိုင်းယောမာန်က ပြောပါတယ်။
“လေကြောင်းအန္တရာယ်နဲ့ပတ်သတ်ပြီး ထုတ်ပြန်ထားတာ ကျေးရွာတွေမှာ အသိပညာပေးထားတာတွေ အရင်ကတည်းက ရှိပြီးသားပါ၊ ပြီးပြည်စုံတယ် ကောင်းကောင်းမွန်မွန် နားလည်သွားကြတယ်တော့ မဟုတ်ဘူးပေါ့” လို့ ဆလိုင်းယောမာန်က CJ Platform ကိုဆက်ပြောပါတယ်။
မင်းတပ်မြို့ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ချင်းညီနောင်နဲ့ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ် သိမ်းပိုက်ရရှိပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မင်းတပ်ကနေ ထုတ်ပြန်ထားပြီး နှစ်လ နီးပါးအကြာမှာ မင်းတပ်မြို့ထဲ ပြည်သူတွေပြန်လည်ဝင်ရောက်ခွင့် ပြုခဲ့တာပဲဖြစ်ပါတယ်။
မင်းတပ်မြို့ကို စစ်ကောင်စီက မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီး လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့တွင်းပြန်ဝင်ရောက်တဲ့ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်လာမှာကို စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
ဓာတ်ပုံ – Chin Defence Force – Mindat