ဟေတီနိုင်ငံမှာ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်က သူ့ကလေးနေမကောင်းဖြစ်တာဟာ မှော်အတတ်ယုံကြည်သူတွေကြောင့်လို့ စွပ်စွဲပြီး ဗူဒူးရာနဲ့ချီကို သတ်ဖြတ်လို့ဆို
ကာရစ်ဘီယံဒေသက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဟေတီနိုင်ငံမှာ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် တစ်ဦးက သူ့ကလေးနေမကောင်းဖြစ်တာဟာ ဗူဒူးမှော်အတတ်နဲ့ ပြုစားတာကြောင့်လို့ စွပ်စွဲပြီး ဗူးဒူးမှော်အတတ်ပညာ ယုံကြည်တဲ့သူ နှစ်ရာနီးပါးကို ပြီးခဲ့တဲ့ သီတင်းပတ်အကုန်မှာ သတ်ဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂ (UN) နဲ့ ဟေတီ အစိုးရတို့က ပြောပါတယ်။
ဟေတီနိုင်ငံရဲ့ မြို့တော် ပေါအော်ပရင့်မြို့က ဆင်းရဲသားရပ်ကွက် ဆီတီဆိုလေးလ်မှာ လက်နက်ကိုင်ခေါင်းဆောင် မိုက်ကာနိုအဲလ်တက်စ်နဲ့ အပေါင်းအပါတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြတာဖြစ်တယ်လို့ ဟေတီဝန်ကြီးချုပ်က စွပ်စွဲပြောဆိုထားပါတယ်။
မိုက်ကာနိုဟာ ဝက်ဖ်ဂျယ်ရမီဒေသမှာ ရှိတဲ့ သက်ကြီးရွယ်အိုတွေဟာ သူ့ကလေးနေမကောင်းဖြစ်အောင် စုန်းအတတ်နဲ့ ပြုစားခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး သတ်ဖြတ်ပစ်ဖို့ အမိန့်ပေးခဲ့တာဖြစ်တယ်လို့ ဟေတီနိုင်ငံရဲ့ လူ့အခွင့်အရေးကာကွယ်ရေးကွန်ရက် (RNDDH) က ဆိုပါတယ်။
“အစုလိုက်အပြုံလိုက် လူသတ်မှုဟာ သူ့ကလေး အကြီးအကျယ် နာမကျန်းဖြစ်တာကနေ အစပြုတာပါ။ မိုက်ကာနိုက သူ့ကလေးနေမကောင်းဖြစ်အောင် အဲဒီဒေသက သက်ကြီးရွယ်အိုတွေက စုန်းအတတ်နဲ့ ပြုစားခဲ့တာကြောင့်လို့ စွပ်စွဲပြောဆိုခဲ့တဲ့ ဗူဒူးမှော်ဆရာဘိုကို ဆီကနေ အကြံရယူခဲ့တာဖြစ်တယ်” လို့ သူတို့ တွေ့ခဲ့ရတဲ့ RNDDH ရဲ့ အစီရင်ခံစာမှာ ရေးသားထားတယ်လို့ CNN သတင်းဌာနက ဖော်ပြပါတယ်။
ဗူဒူးမှော်အတတ်ပညာဟာ ဟေတီလူမှုအသိုင်းအဝိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်အသုံးပြုကြတဲ့ ပညာရပ်တစ်ခုလည်း ဖြစ်ပါတယ်။
“ဒီဇင်ဘာ ၆ ရက်နေ့ သောကြာနေ့မှာ မိုက်ကာနိုက သက်ကြီးရွယ်အို ၆၀ ထက်မနည်းကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ ဒီဇင်ဘာ ၇ ရက် စနေနေ့မှာတော့ သူတို့အဖွဲ့ရဲ့ ဓားတွေနဲ့ တိုက်ခိုက်ခဲ့မှုကြောင့် နောက်ထပ် သက်ကြီးရွယ်အို ၅၀ ထက်မနည်းသေဆုံးခဲ့ရတယ်၊ သူအဲဒီလို သတ်ဖြတ်နေတုန်းမှာပဲ သူ့ကလေးလည်း သေဆုံးသွားပါတယ်” လို့ RNDDH က ဆိုပါတယ်။
ကုလသမဂ္ဂကလည်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကြောင့် အနည်းဆုံး လူပေါင်း ၁၈၄ ဦးသေဆုံးခဲ့ပြီး သေဆုံးသူတွေထဲမှာ သက်ကြီးရွယ်အို ၁၂၇ ဦးပါဝင်တယ်လို့ ဆိုပါတယ်။
“အခုနောက်ဆုံးသတ်ဖြတ်မှုတွေကြောင့် ဟေတီနိုင်ငံမှာ အခုနှစ်အတွင်း သေဆုံးသူပေါင်း ၅,၀၀၀ ကျော်ရှိသွားပြီ”လို့ UN ရဲ့ လူ့အခွင့်အရေးအကြီးအကဲ ဗော်ကာတာ့ခ်က ယမန်နေ့ ဒီဇင်ဘာ ၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေပြီးကတည်းက ဝက်ဖ်ဂျယ်ရမီဒေသမှာ ရှိတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ဗူးဒူးမှော်အတတ်ပညာကို ယုံကြည်သူတွေဟာ ဟေတီလက်နက်ကိုင်အဖွဲ့နဲ့ သူ့ရဲ့ မဟာမိတ် Viv Ansamn အဖွဲ့တို့ရဲ့ ဝိုင်းရံထားခြင်းနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ခံနေရဆဲ ဖြစ်တယ်လို့ RNDDH က ဆိုပါတယ်။
ဟေတီအသွင်ကူးပြောင်းရေးအစိုးရကလည်း ပြစ်မှုကျူးလွန်သူတွေကို ရှာဖွေပြီး တရားမျှတမှု ပြန်လည်ရရှိအောင် ဆောင်ရွက်မယ်လို့ ကတိပြုပြောဆိုခဲ့သလို စည်းလွတ်ဘောင်လွတ်ပြုမူနေတဲ့ ရာဇဝတ်ကောင်တွေကို ချေမှုန်းဖို့ နိုင်ငံတော်ရဲ့ တပ်ဖွဲ့ဝင်တွေ အားလုံးကို စုစည်းသွားမှာပါလို့လည်း ဟေတီဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေမှာ Viv Ansamn အလံအောက်မှာစုစည်းခဲ့ကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ မြို့တော် ပေါအော်ပရင့်စ်ကို ဖျက်ဆီးခဲ့ပြီး အကျဉ်းထောင်တွေ၊ ရဲစခန်းတွေနဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ကိုလည်း တိုက်ခိုက်ခဲ့တာကြောင့် သိန်းနဲ့ချီတဲ့ အရပ်သားတွေ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။
လက်ရှိဟေတီနိုင်ငံတွင်းက အခြေအနေတွေကြောင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို စုံစမ်းစစ်ဆေးပေးဖို့နဲ့ နိုင်ငံကတာက လုပ်ဆောင်မှုတွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။
ဓာတ်ပုံ- Ralph Tedy Erol/Reuters
ပုံစာ- အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကြောင့် လူတွေနေရပ်စွန့်ခွာထွက်ပြေးပြီးနောက် ပေါအော်ပရင့်စ်မြို့မှာ ကင်းလှည့်နေတဲ့ ဟေတီလက်နက်ကိုင်တွေကို တွေ့မြင်ရစဉ်
ကိုးကား- CNN