ဒေသခံတွေကန့်ကွက်ထားတဲ့ မင်းကင်းက ရွှေမျောလုပ်ကွက်တွေအရေး ညှိနှိုင်းမရသေး လုပ်ငန်းဆက်လက်လည်ပတ်နေ
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးတလျှောက်ရှိ ရွှေမျောလုပ်ကွက်တွေအရေး ဒေသခံ၊ တော်လှန်ရေးအဖွဲ့နဲ့ လုပ်ငန်းရှင်တွေကြား သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုတွေ အကြိမ်ကြိမ်လုပ်နေပေမဲ့ ညှိနှိုင်းမရသေးဘဲ ဆက်လက်လုပ်ကိုင်နေတယ်လို့ CJ Platform က သိရပါတယ်။
ဒေသခံတွေရဲ့တောင်းဆိုချက်အရ ပြန်လည်စိစစ်နေပေမဲ့ ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်အထိ မပြေလည်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ရွှေမျောနဲ့ပတ်သက်ပြီးကတော့ ရွာနဲ့လုပ်ငန်းရှင်နဲ့ ညှိပေးမယ်။ အဲဒီလိုပဲပြောတယ်။ ခုထိကတော့ ညှိုနှိုင်းလို့မရသေးတဲ့အနေအထားဗျ။ ဒီတိုင်းဆိုရင်တော့ လူထုကတောင်းဆိုချက်တွေအားလုံးကို မလိုက်လျောဖို့ရာများတယ်” လို့ အမည်မဖော်လိုတဲ့ အသက် ၄၀ ခန့် မြောက်ချွန်းဒေသခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
အဲဒီလုပ်ကွက်တွေကို မင်းကင်းတိုက်နယ်၊ မြို့နယ်၊ ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူတွေပူးပေါင်းပြီး ရှစ်လတာလုပ်ကိုင်ခွင့် လုပ်ငန်းရှင်တွေဆီရောင်းချခဲ့ပြီးနောက် နို၀င်ဘာ ၂၀ ရက်ကစလို့ စတင်လည်ပတ်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။
တာ၀န်ရှိသူတွေအနေနဲ့ ဒေသခံတွေရဲ့တောင်းဆိုချက်ကို မျက်ကွယ်ပြုပါက တရားမျှတစေရေးအတွက် ဒေသတွင်းဆန္ဒပြမှုတောင်းဆိုမှုတွေရှိလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လုပ်ငန်းရှင်နဲ့ ကာကွယ်ရေးတပ်တွေဘက်ကလည်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ သက်ဆိုင်ရာ၀န်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ အခွန်ပေးဆောင်ပြီး ဆောင်ရွက်တာဖြစ်တဲ့အတွက် လုပ်ငန်းကိုရပ်တပ်လို့မရနိုင်ဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နို၀င်ဘာ ၂၅ ရက်နေ့က မြောက်ချွန်းရွာ ဆယ်အိမ်မှူး ၁၇ ယောက်အပါအဝင် ရပ်မိရပ်ဖ၊ ပကဖအဖွဲ့၀င်တွေနဲ့ မြို့နယ်အဆင့် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီအဖွဲ့၀င်တို့ ဒီအရေးဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ လုပ်ငန်းရှင်တွေဘက်က အရင်လုပ်ငန်းလည်ပတ်ချိန် မနက် ၄ နာရီကနေ ညနေ ၆ နာရီအစား မနက် ၆ နာရီကနေ ညနေ ၆ နာရီကို အချိန်နှစ်နာရီလျှော့ချပေးခဲ့တာလွဲပြီး ကျန်အချက်တွေ ညှိနှိုင်းမရခဲ့ပါဘူး။
အဲဒီနောက် ဒေသခံတွေရဲ့သဘောတူညီချက်မယူဘဲ ရွှေမျောလုပ်ကိုင်ခွင့်ကို ရောင်းချခဲ့တဲ့ မြို့နယ်ပကဖ(ဒုခေါင်းဆောင်)နဲ့ ပူးပေါင်းပါ၀င်ခဲ့တဲ့ ပကဖအဖွဲ့၀င်တွေဟာ သူတို့ရဲ့ လုပ်ဆောင်ခဲ့မှုတွေကို ၀န်ခံတဲ့အပြင် တောင်းပန်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြို့နယ်အဆင့် ပအဖ၊ ပကဖနဲ့ တပ်ရင်း ၅ ရင်းက တာ၀န်ရှိသူတွေ ယမန်နေ့ ဒီဇင်ဘာ ၉ ရက်နေ့က ထပ်မံတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ရွှေမျောနဲ့ပတ်သက်ပြီး မြောက်ချွန်းကျေးရွာ ပသုံးလုံး(ပကဖ၊ ပအဖနဲ့ ပလဖ)အနေနဲ့ ကျေးရွာပိုင်မြေကို အလွဲသုံးစားလုပ်ခြင်း၊ ကျေးရွာအထွေထွေရန်ပုံငွေမရှင်းလင်းခြင်းတွေနဲ့ ပြစ်မှုပြစ်ဒဏ်တရားမျှတမှုမရှိခြင်းတွေအတွက် ဒေသခံတွေတောင်းဆိုတိုင်ကြားမှုအရ ကျေးရွာပသုံးလုံး ပြောင်းလဲဖွဲ့စည်းခြင်းဆိုင်ရာဆွေးနွေးခဲ့တယ်လို့ ဒီအကြောင်းသိရှိထားသူတွေဆီကနေ သိရပါတယ်။
“မနေ့(ဒီဇင်ဘာ ၉)က အစည်းဝေးလုပ်တယ်။ ပသုံးလုံးပြောင်းဖို့ရော၊ ရွှေမျောကိစ္စရော သေချာဆုံးဖြတ်မှုမရသေးဘူး။ နောက်နှစ်ရက်(ဒီဇင်ဘာ ၁၂)ရက်နေ့ကို အစည်းဝေးပြန်ချိန်းထားတယ်။ နောက်ဆုံး အဆုံးအဖြတ်ရဖို့ အဲဒီနေ့မှာ မျှော်ရမှာပဲ” လို့ နောက်ထပ် အသက် ၃၀ ခန့်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ယမန်နေ့အစည်းအဝေးအတွင်း မြို့နယ်ပကဖ တာ၀န်ခံကဦးဆောင်ပြီး မြို့နယ်ပအဖနဲ့ တပ်ရင်းတပ်ဖွဲ့တွေက တာ၀န်ရှိသူတွေတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အခုရွှေမျောလုပ်ကိုင်ခွင့်တွေနဲ့ပတ်သက်ပြီး ၀န်ကြီးဌာနရဲ့ ခွင့်ပြုချက်ရှိမရှိအပြင် ဒီအရေးဘယ်လိုဖြေရှင်းပေးမလဲဆိုတာတွေနဲ့ပတ်သက်ပြီး NUG ကို CJ Platform က ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းအထိ တုံ့ပြန်မှုတစ်စုံတစ်ရာ မရှိသေးပါဘူး။
မင်းကင်းမြို့နယ်၊ မြောက်ချွန်းကျေးရွာ ချင်းတွင်းမြစ်ဘေးတလျှောက် မြေနုကျွန်းပေါ်က ရွှေမျောလုပ်ငန်းဟာ ကျေးရွာနေအိမ်တွေနဲ့ ကိုက် ၁၀၀ အကွာမှာပဲတည်ရှိပါတယ်။
ချင်းတွင်းမြစ်ကိုအမှီပြုပြီး စိုက်ပျိုးရေးအပါအဝင် သက်မွေးဝမ်းကျောင်းပြုနေသူတွေ အများအပြားရှိနေတဲ့အတွက် ရွှေမျောစွန့်ပစ်ပစ္စည်းတွေကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး ဒေသခံတွေရဲ့ ကျန်းမာရေး၊ စိုက်ပျိုးရေးလုပ်ငန်းတွေပျက်စီးကာ မြစ်တိမ်ကောမှာတို့ကို စိုးရိမ်နေတယ်လို့ အဲဒီဒေသခံတွေက ဆိုပါတယ်။
NUG ရဲ့ မင်းကင်းမြို့နယ် ပအဖ ၊ ပကဖ နဲ့ ပလဖ အဖွဲ့တွေဆီ မြောက်ချွန်းဒေသခံတွေရဲ့ အိမ်ထောင်စု ၂၀၀ ခန့်က နို၀င်ဘာတတိယပတ်ကတည်းက ရွှေတူးဖော်လုပ်ကိုင်ခြင်းနဲ့ ကျေးရွာ ပသုံးလုံးပြန်လည်ဖွဲ့စည်းခြင်းအတွက် တိုင်ကြားစာပို့ထားပေမဲ့ ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ဖြေရှင်းပေးနိုင်ခြင်းမရှိသေးပါဘူး။
ဓာတ်ပုံ – ပေးပို့
ပုံစာ – မင်းကင်းမြို့နယ်ထဲက ချင်းတွင်းမြစ်ကမ်းဘေးတစ်လျှောက်ရှိ ရွှေမျောလုပ်ကွက်တွေကိုတွေ့ရစဥ်