အင်္ဂါနေ့အတွက် CJ Platform ရဲ့ အားကစားသတင်းများ စုစည်းမှု

Author CJ Platform
Categories
Published on Dec 10, 2024

“ဒေးဗစ်ကုတ်ကို တာဝန်မှရပ်စဲလိုက်တဲ့ အင်္ဂလန်ဒိုင်အဖွဲ့ချုပ်”

 

အင်္ဂလန်ဒိုင်လူကြီးများအဖွဲ့ချုပ် (PGMOL) ဟာ လီဗာပူးလ်နည်းပြဟောင်း ယာဂန်ကလော့ပ်နဲ့ လီဗာပူးလ်အသင်းကို ရိုင်းပြစွာ စော်ကားပြောဆိုခဲ့တဲ့ ကွင်းလယ်ဒိုင် ဒေးဗစ်ကုတ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။

 

The Sun သတင်းစာကလည်း ဒေးဗစ်ကုတ်ဟာ ယူရို ၂၀၂၄ ကာလအတွင်း ဟိုတယ်အခန်းတစ်ခုရဲ့အတွင်းမှာ ဘိန်းဖြူလို့ ယူဆရတဲ့ အဖြူရောင်အမှုန့်တစ်မျိုးကို ရှူရှိုက်နေတဲ့ပုံတွေကို စုံစမ်းဖော်ထုတ်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလမှာကတည်းက ကနဦးစစ်ဆေးမှုတွေပြုလုပ်နေတာကြောင့် တာဝန်က ခေတ္တဆိုင်းငံ့ထားရာကနေအခုတော့ အပြီးသတ် ရပ်စဲလိုက်တာပါ။ PGMOL ရဲ့ ထုတ်ပြန်ချက်မှာတော့ အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေအပြီးမှာ ဒေးဗစ်ကုတ်ဟာ ကွင်းလယ်ဒိုင်တစ်ယောက်ရဲ့ စည်းကမ်းတွေကို ချိုးဖောက်ကျူးလွန်တာသေချာလို့ အခုလို ဆုံးဖြတ်လိုက်တယ်လို့ ပါရှိပါတယ်။

****************************************

“ဒီနှစ် ၂၀၂၄ အတွက် ကမ္ဘာ့အကောင်းဆုံးအသင်းကို ရွေးချယ်ထုတ်ပြန်”

 

နိုင်ငံပေါင်း ၇၀ ကျော်က ပရော်ဖက်ရှင်နယ်ဘောလုံးသမားဟောင်း ၂၈,၀၀၀ ကျော် မဲပေးရွေးချယ်ခဲ့တဲ့ ဒီနှစ် ၂၀၂၄ အတွက် နေရာအလိုက်အကောင်းဆုံး ကစားသမား ၁၁ ယောက် FIFPro World XI စာရင်းကတော့ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ ဒီစာရင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းက ကစားသမား ခြောက်ယောက်အထိ ပါဝင်ခဲ့ပြီး မန်စီးတီးက လေးယောက်နဲ့ လီဗာပူးလ်က တစ်ယောက်ပါဝင်ခဲ့ပါတယ်။

ဂိုး -အီဒါဆန်

နောက်တန်း – ကာဗာဂျယ်၊ ရူဒီဂါ၊ ဗန်ဒိုက်ချ်

ကွင်းလယ် – ဒီဘရိုင်း၊ ရိုဒရီ၊ တိုနီခရူးစ်၊ ဘယ်လင်ဟမ်

တိုက်စစ် – အမ်ဘတ်ပေ၊ ဟာလန်း၊ ဗင်နီရှပ်

****************************************

“ပီအက်စ်ဂျီ အားကစားဒါရိုက်တာကို အာဆင်နယ်နဲ့အပြိုင်ခေါ်မယ့် မန်ယူ”

 

မန်ယူအသင်းဟာ လစ်လပ်နေတဲ့ အားကစားဒါရိုက်တာ ရာထူးအတွက် ပီအက်စ်ဂျီအသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ လူးဝစ် ကမ်ပိုစ့်ကို ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ မန်ယူအသင်းရဲ့ အားကစားဒါရိုက်တာ ဒန်အက်ရှ်ဝတ်ဟာ ငါးလကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်မှာတော့ ပြီးခဲ့တဲ့ရက်မှာ ရာထူးကနေ နုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။ မန်ယူအနေနဲ့ လူးဝစ် ကမ်ပိုစ့်ကို ခေါ်ယူဖို့အတွက် အာဆင်နယ်နဲ့အပြိုင် ကြိုးပမ်းရဖို့ရှိပြီး ကမ်ပိုစ့်ဟာ ရာသီကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

****************************************

“ရလဒ်တွေဆိုးရွားနေပေမဲ့ ပိုစတီကိုဂလူးကို ယုံကြည်မှုပေးထားတဲ့ စပါး”

 

နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာရှိခဲ့ပြီး ၂ ပွဲသရေနဲ့ ၄ ပွဲအထိ ရှုံးထားတဲ့ နည်းပြ ပိုစတီကိုဂလူးကို အသင်းရဲ့ တာဝန်ရှိသူတွေကတော့ ယုံကြည်မှုပေးထားဆဲဖြစ်တယ်လို့ ဗြိတိန်မီဒီယာ Teamtalk ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ စပါးအသင်းတာဝန်ရှိသူတွေအနေနဲ့ ပိုစတီကိုဂလူးကို အင်အားဖြည့်တင်းမှုတွေပြုလုပ်ပေးသွားဖို့ ရှိနေပြီး လာမယ့် ဇန်နဝါရီစျေးကွက်မှာ အတိုင်းအတာတစ်ရပ်အထိ ငွေကြေးသုံးစွဲခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။ ပိုစတီကိုဂလူးရဲ့ စပါးဟာ နောက်ဆုံး ၇ ပွဲမှာ ၁ ပွဲတည်းသာ နိုင်ခဲ့ပေမဲ့ အဲဒီနိင်ပွဲဟာ မန်စီးတီးကို လေးဂိုးပြတ်အနိုင်ရခဲ့တာပဲဖြစ်ပါတယ်။

****************************************

“ဇန်နဝါရီစျေးကွက်မှာ ကစားသမားတချို့ကိုထုတ်ရောင်းသွားမယ့် အမော်ရင်”

 

မန်ယူနည်းပြ အမော်ရင်ဟာ လာမယ့်ဇန်နဝါရီစျေးကွက်မှာတော့ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နိုင်ရေးအတွက် ကစားသမားအချို့ကို ထုတ်ရောင်းသွားဖို့ ရှိနေပါတယ်။ အဲဒီကစားသမားတွေထဲမှာတော့ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်နဲ့ ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီတို့ ပါဝင်နေခဲ့ပါတယ်။ အမော်ရင်ဟာ မန်ယူအသင်းကို ၅ ပွဲကိုင်တွယ်ပြီးချိန်မှာပဲ ၂ ပွဲနိုင်၊ ၁ ပွဲသရေနဲ့ ၂ ပွဲအထိ ရှုံးခဲ့ပြီဖြစ်လို့ အသင်းကို ကြီးမားတဲ့အပြောင်းအလဲပြုလုပ်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – Skysports, Twitter