ကျောက်တော်ကို စစ်ကောင်စီ ဗုံးကြဲလို့ ဆယ်နဲ့ချီ သေဆုံးထိခိုက်

Author သုတ
Categories
Published on Oct 10, 2024

ရခိုင်ပြည်၊ ကျောက်တော်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ထိခိုက်သေဆုံးမှု များတယ်လို့ CJ Platform မှ ကနဦး သတင်းရရှိပါတယ်။

 

ဒီကနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်မှာ ကျောက်တော်မြို့၊ မီးစက်ကြီးခွဆုံမှာ တစ်လုံး၊ အထက(၂)ကျောင်းအနီး တစ်လုံးနဲ့ ဆေးရုံအိမ်ရာဝန်းအနီးမှာ တစ်လုံး စုစုပေါင်း ဗုံးသုံးလုံးကြဲချခဲ့တယ်လို့ မြို့ခံသတင်းရင်းမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“မီးစက်ကြီးခွဆုံမှာဆိုရင် လမ်းက နှစ်ပိုင်းပိုင်းသွားတယ်။ သေတာ ဆယ်ယောက်ကျော်တယ်လို့ ပြောကြတယ်။ လက်တွေ၊ ခြေတွေ ရှာလို့တောင်မရဘူး။ ထိခိုက်သူတွေတော့ ဘယ်လောက်ရှိမလဲ မပြောနိုင်သေးဘူး” လို့ ၎င်းက ပြောပါတယ်။

 

လက်ရှိမှာ ဒဏ်ရာရရှိသူတွေကို ဆေးကုသဖို့ အရေးပေါ်ဆောင်ရွက်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

သေဆုံးထိခိုက်ဒဏ်ရာရရှိသူတွေရဲ့ စာရင်းအတိအကျသိရှိနိုင်ဖို့ CJ Platform က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

 

ဒီနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ကျောက်တော်မြို့နယ်ကို AA က အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်။

 

ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)က စစ်ကောင်စီလေကြောင်းရန်ရှိလို့ သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ပွဲတော်တွေမှာ လူစုလူဝေးမလုပ်ကြဖို့ အောက်တို့ဘာလ ၇ ရက်နေ့က သတိပေးချက်ထုတ်ပြန်ထားပါတယ်။