စစ်တွေက အကျဉ်းသား ၅၀၀ ကျော်ကို စစ်ကောင်စီတိတ်တဆိတ်ရွှေ့ပြောင်း

Author သုတ
Categories
Published on Oct 10, 2024

ရခိုင်ပြည် မြို့တော်စစ်တွေက အကျဉ်းသား ၅၀၀ ကျော်ကို နှစ်ကြိမ်ခွဲထုတ်ပြီး စစ်ကောင်စီက ရွှေ့ပြောင်းလိုက်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

 

ဒါဟာ နှစ်လအတွင်း အဲဒီထောင်ကနေ နှစ်ကြိမ်မြောက် အကျဉ်းသားတွေ ရွှေ့ပြောင်းနေတာဖြစ်တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ ည ၇ နာရီကျော်မှာ စစ်တွေမြို့ အကျဉ်းထောင်က အကျဉ်းသားတွေကို စစ်တပ်ဖောကား သုံးစီးနဲ့ ကိုရီးယားဆိပ်ကမ်းကို တင်ဆောင်သွားတယ်လို့ CJ Platform ရဲ့ မျက်မြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

အဲဒီကားတွေထဲမှာ အကျဉ်းသား ၂၀၀ ကျော်ကို တင်ဆောင်လာကာ ပထမအသုတ်အနေနဲ့ ဇက်နေဗီတစ်စီးနဲ့ တင်ဆောင်သွားတယ်လို့ ၎င်းက ပြောပါတယ်။

 

“အဲဒီနေ့ည ၁၂ နာရီလောက်မှာ ဇက်ထွက်တယ်။ အယောက်ဘယ်လောက်ပါသွားလဲတော့ အတိအကျမသိဘူး။ ကျန်ခဲ့တဲ့ လူပေါင်း ၁၀၀ ကျော်ကိုတော့ ဒီနေ့မှာ မျက်နှာဖုံးတွေစွပ်ပြီး ထပ်ပြောင်းသွားပါတယ်” လို့ မျက်မြင်တွေ့ခဲ့သူက ဆက်ပြောပါတယ်။

 

ဒါ့အပြင် ယမန်နေ့ ညပိုင်းမှာ စစ်တွေထောင်က အကျဉ်းသား ၃၀၀ ခန် ထပ်မံခေါ်ထုတ်လာပြီး ၎င်းတို့နဲ့အတူ အောက်တိုဘာ ၆ ရက်ကအကျဉ်းသား/သူအားလုံးကို စစ်တွေမြို့ရဲ့ အာဏာပိုင်ဆိပ်ကမ်းက ဂိုထောင်ထဲမှာထိန်းသိမ်းထားခဲ့တယ်လို့ ခိုင်မာတဲ့သတင်းရင်းမြစ်တွေဆီက‌နေ သိရပါတယ်။

 

“အာဏာပိုင်ဆိပ်ကမ်းကတဆင့် စစ်ဘက်သုံး ကုန်သင်္ဘောနဲ့ အိန္ဒိယဆိပ်ကမ်းမှာ ကျောက်ချရပ်ထားတဲ့ ကမ်းထိုးဇက်နေဗီတွေပေါ်ကို တင်ဆောင်ပြီး အောက်တိုဘာလ ၈ ရက်နေ့ ည ၁၂ နာရီလောက်မှာ  ပင်လယ်ပြင်ဘက်ကို ထွက်ခွာသွားပါတယ်” လို့ အမည်မဖော်လိုတဲ့ CJ Platform ရဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

အဲဒီအကျဉ်းသားတွေထဲ DMG သတင်းဌာနရဲ့ သတင်းထောက်၊ နိုင်ငံရေးအကျဉ်းသားတွေအပြင် မတရားဖမ်းဆီးခံထားရတဲ့ ဗျိုင်းဖြူရွာသားတွေပါဝင်တယ်လို့ မျက်မြင်တွေ့ရှိသူ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

အဲဒီအကျဉ်းသားတွေကို ရန်ကုန်၊ အင်းစိန်ထောင်သို့ အများဆုံးပို့ဆောင်မှာဖြစ်ပြီး တချို့ကိုတော့ သာယာဝတီထောင်ကို ပို့မယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ CJ Platform အနေနဲ့တော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

 

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာလည်း စစ်တွေအကျဉ်းထောင်က အကျဉ်းသားတွေကို ရန်ကုန်ကို ရွှေ့ပြောင်းခဲ့ပါသေးတယ်။

 

ရခိုင်မှာ မြို့နယ် ၁၇ ခုရှိတဲ့အနက် အာရက္ခတပ်တော်(AA)က မြို့နယ် ၁၀ ခုနဲ့ ချင်းပြည်က ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားရရှိထားပါတယ်။ မာန်အောင်မြို့ကလွဲပြီး အမ်း၊ မောင်တော၊ ဂွမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေပြီး တောင်ကုတ်၊ စစ်တွေ၊ ကျောက်ဖြူ တို့မှာလည်း ထိတွေ့တိုက်ပွဲတချို့ ရှိခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်