ရခိုင်မှာ သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ပွဲတော်တွေမှာ လူစုလူဝေးမလုပ်ဖို့ AA သတိပေး

Author သုတ
Categories
Published on Oct 10, 2024

ရခိုင်ပြည်မှာ စစ်ကောင်စီရဲ့ လေကြောင်းရန်ရှိတဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေရဲ့ အခါကြီးနေ့ကြီးတွေဖြစ်တဲ့ လာမယ့် သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ပွဲတော်တွေမှာ လူစုလူဝေးမလုပ်ကြဖို့ ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)က သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

 

ဒါဟာ AA သိမ်းပိုက်ထားတဲ့ မြို့နယ်တွေအပါအဝင် သိမ်းဖို့ကြိုးစားနေတဲ့ ကျန်မြို့နယ်တွေမှာပါ စစ်ကောင်စီက အလစ်အငိုက်ဖမ်းပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့်လို့ ဆိုပါတယ်။

 

ဒါကြောင့် ဒီနှစ် ဝါကျွတ်-တန်ဆောင်မုန်း အခါကြီး ရက်တွေအတွင်း ဥပုသ်သီလ ဆောက်တည်ခြင်းနဲ့ ရပ်ရွာတွေမှာ  မီးထွန်းပွဲတော်ကျင်းပပြုလုပ်ခြင်းတွေကို သတိရှိရှိ ပြုလုပ်ကြဖို့နဲ့ လူစုလူဝေးဖြစ်စေတဲ့ စုဖွဲ့မှုတွေကို “လုံးဝ” မပြုလုပ်ကြဖို့ အောက်တိုဘာ ၇ ရက်စွဲနဲ့ AA ထုတ်ပြန်ချက်ထဲ အထူးသတိပေးထားပါတယ်။

 

အခုလို စာထုတ်ပြန်တာအပြင် AA ထိန်းချုပ်ရာဒေသတွေမှာတော့ လော်စပီကာနဲ့ လှည့်ပြီး သတိပေးတာတွေလည်းရှိတယ်လို့ မြေပုံဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

“ဒီမှာတော့ မြို့မှာလည်း လှည့်ပြီးသတိပေးတာတွေရှိတယ်။ စာလည်းထုတ်တာပေါ့။ အခုလို သတိမပေးရင်တောင် နေရာတိုင်းမှာ သေနေထိနေကြတာ။ ဘယ်လိုလုပ် စိတ်ဖြောင့်မလဲ။ ဒါပေမဲ့ အိမ်မှာတော့ ကိုယ်နိုင်သလောက် သီလလေး ဘာလေး ယူကြမှာပေါ့။ အဲဒီလိုတော့ တွေးထားတယ်” လို့ သူမက ပြောပါတယ်။

 

AA ထုတ်ပြန်ချက်အတွင်း လူအများအပြား စီးနင်းလိုက်ပါတဲ့ကားတွေနဲ့ မြို့ပေါ်မှာ လှည့်ပတ်ခြင်း၊ တစ်မြို့နဲ့ တစ်မြို့၊ တစ်ရွာနဲ့တစ်ရွာ ကားတွေနဲ့ ဆောင်းဘောက်တွေဖွင့်ပြီး ကခုန်အော်ဟစ်ခြင်းတွေနဲ့ လူစုလူဝေးဖြစ်စေတဲ့ ပျော်ပွဲရွှင်ပွဲ၊ စတိတ်ရှိုး၊ ဇာတ်သဘင်၊ လောင်းကစားပွဲ ကျင်းပတာမျိုးတွေ မပြုလုပ်ကြဖို့လည်း ပြောထားပါတယ်။

 

စစ်ကောင်စီထိန်းချုပ်ထားဆဲမြို့နယ်တွေမှာလည်း ဒီသတိပေးချက်ကို ပြည်သူတွေအနေနဲ့ လိုက်နာဖို့လိုတယ်လို့ တောင်ကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။

 

“ULA/AA ရဲ့ ထုတ်ပြန်စာကို ကြိုဆိုပါတယ်။ ကျွန်တော်တို့မှာက အမှန်ပြောရရင် ပွဲတော်ဆိုတာလည်း မပျော်ရတာကြာပြီလေ။ အာဏာမသိမ်းခင် စစ်တပ်ရှိစဉ်ကတည်းက စစ်ဒဏ်ခံနေရတာ။ တပ်တော်က မြို့ကိုသိမ်းနိုင်တော့ အပြည့်အဝပျော်လို့ရပြီတွေးထားပေမဲ့ ဆက်တိုက်ဗုံးတွေကြဲနေတော့ ပြည်သူတွေအနေနဲ့ လူစုလူဝေးမလုပ်ဖို့ တပ်တော်ရဲ့ ညွှန်ကြားချက်ကို လိုက်နာပါလို့ တောင်းဆိုချင်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

ရခိုင်ပြည်အတွင်းက သံတွဲ၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ရမ်းဗြဲ၊ မင်းပြား၊ ပေါက်တောနဲ့ ဘူးသီးတောင် စတဲ့မြို့နယ်တွေအပြင် ချင်းပြည်၊ ပလက်ဝမြို့နယ်ကိုပါ အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး မောင်တော၊ ဂွနဲ့ အမ်းမြို့နယ်တို့မှာလည်း တိုက်ပွဲတွေအလွန်ပြင်းထန်နေပါတယ်။

 

ရခိုင်မှာ တိုက်ပွဲဖြစ်ပွာနေတဲ့မြို့နယ်တွေအပြင် တိုက်ပွဲမဖြစ်တဲ့မြို့နယ်တွေနဲ့ AA ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာပါ အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းဗုံးကြဲမှုတွေကို စစ်ကောင်စီက ဆက်တိုက်ပြုလုပ်နေလို့ အရပ်သားတွေ သေဆုံးထိခိုက်ရတဲ့အပြင် နေအိမ်၊ ဈေး၊ ကျောင်း၊ ဆေးရုံတို့အပါအဝင် အဆောက်အုံတွေ ပျက်စီးဆုံးရှုံးနေရပါတယ်။

 

ဓာတ်ပုံ – Pro-SAC