သားအမိနှစ်သေဆုံးစေခဲ့တဲ့ စဉ့်ကူး-ဝက်လက်ရေယာဉ်နစ်မြုပ်မှုပြီးနောက် စည်းကမ်းတင်းကျပ်မှုတွေ PDF ပြုလုပ်
PDF ခွင့်ပြုချက်နဲ့ပြေးဆွဲနေတဲ့ စဉ့်ကူး -ဝက်လက်ရေလမ်းမှာ ရေယာဉ်တစ်စင်းနစ်မြုပ်မှုဖြစ်ပွားပြီးနောက် PDF တွေက လက်ရှိပြေးဆွဲနေတဲ့ယာဉ်တွေကို စည်းကမ်းတင်းကျပ်သလို ဒေသခံပြန့်ဖောင်သမားတွေကို ပြေးဆွဲခွင့်ပေးလာတယ်လို့ စုံစမ်းသိရှိရပါတယ်။
စစ်ရေးအခြေအနေတွေကြောင့် ကုန်းလမ်းအစား ရေကြောင်းကိုသုံးနေကြရာ ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလ ၂၇ ရက်နေ့က ထုံးကြီး-ရှားခွဲဆိပ်ကမ်းပြေးဆွဲနေတဲ့ရေယာဉ်(သံခွန်)တစ်စင်း လသားအရွယ်ကလေးငယ်တစ်ဦးနဲ့ ၂၆ နှစ်အရွယ် မိခင်ဖြစ်သူတို့ သေဆုံးခဲ့ရပါတယ်။
“အခုကျ ဆိပ်ကမ်းကလွှတ်ပြီး ရေထဲတစ်ခုခုဖြစ်ခဲ့ရင် ဆိပ်ကမ်းတာ၀န်ရှိသူတွေက တာ၀န်ယူရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ၀က်လက်နဲ့ စဥ့်ကူးနယ်ဘက်က တာ၀န်ရှိသူတွေက ဆုံးဖြတ်ခဲ့တယ်တဲ့။ ဒါတော့ဟုတ်တယ်လေ။ သူတို့ပဲ အခွန်ကောက်နေတာကိုဗျ” လို့ တော်လှန်ရေးသတင်းရင်းမြစ် အသက် ၄၀ ခန့် အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ပြန့်ဖောင်တွေ သံခွန်တွေမှာ တင်နိုင်တဲ့မော်တော်ယာဉ်အရေတွက်ထက် လျှော့တင်ခိုင်းပြီး ကားလေးစီးနိုင်ပါက သုံးစီး၊ ငါးစီးနိုင်ပါက လေးစီး စသဖြင့်တင်နိုင်တဲ့ အစီးရေပမာဏထက် လျော့ပြီး စေလွှတ်ပေးတယ်လို့ သူက ပြောပါတယ်။
သံခွန်နစ်မြုပ်အပြီးနောက်တစ်ရက် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ဒီလိုဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။
အဲဒီနစ်မြုပ်မှုကြောင့်ပဲ ၂၀၂၄ ဒီဇင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းကစလို့ ၈ ရက်ခန့်ကြာပြီးနောက် ဒေသခံတွေရဲ့ပြန့်ဖောင်ကူးသန်းပို့ဆောင်မှုကို စဥ့်ကူးမြို့နယ်၊ ထုံးကြီးဆိပ်ကမ်းက လက်ခံခဲ့တယ်လို့ သိရပါတယ်။
“ဖြစ်တာက ထုံးကြီးနဲ့ ရှားခွဲသံခွန်တွေကဖြစ်သွားရတာ။ သံခွန်က သူတို့တပ်ရင်းနဲ့ နီးစပ်သူတွေဟာ သူတို့ဟာတွေလေ။ ပိတ်တာက အရပ်သားပြန့်ဖောင်သမားတွေ၊ ခုတ်တာကတခြား ရှတာက တခြားဖြစ်ခဲ့တာ။ ပြီးခဲ့တဲ့ ငါးရက်လောက်ကမှ ထုံးကြီးကလက်ခံလို့ ကျွန်တော်တို့လည်း ပြန်ပြေးဆွဲနိုင်တာ” လို့ ၀က်လက်က ပြန့်ဖောင်ပြေးဆွဲနေတဲ့ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက ပြောပါတယ်။
စဉ့်ကူး-ဝက်လက်ဆိပ်ကမ်းတွေဆီ သံခွန်တွေကိုတော့ တပ်ရင်းတပ်ဖွဲ့တွေ၊ သူတို့ရဲ့နီးစပ်သူတွေက ပြေးဆွဲနေပြီး ပြန့်ဖောင်နဲ့ တခြားစက်လှေတွေကိုတော့ အရပ်သားတွေက တည်ထောင်ပြေးဆွဲနေပါတယ်။
၀က်လက်နဲ့ စဥ့်ကူးဆိပ်ကမ်းတာ၀န်ရှိသူတွေဟာ ကားတင် သံခွန်၊ ပြန့်ဖောင်တွေရဲ့ တစ်နေ့တာ ၀င်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကိုသာ ဆိပ်ကမ်းဖြတ်သန်းခွင့်အခွန်ကောက်ယူတယ်လို့ဆိုပေမဲ့ လက်တွေ့မှာ ၁၅ ရာခိုင်နှုန်း အခွန်အခကောက်ယူနေတယ်လို့ ပြန့်ဖောင်သမားတစ်ဦးနဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခွန်ကလည်း အခွန်မဟုတ်ပါဘူးဗျာ။ ဆက်ကြေးသဘောမျိုးပါ။ အခွန်ဆိုတာ သတ်မှတ်ချက်တွေနဲ့ NUG ရောက်မှအခွန်ပါ အခုက နားလည်မှုနဲ့ ပေးနေကြရတာတွေ” လို့ ၀က်လက်ဒေသခံ ဦးနိုင်က CJ Platform ကို ပြောပါတယ်။
တပ်ရင်းတပ်ဖွဲ့တွေရဲ့ အခွန်ကောက်ခံမှုနဲ့ပတ်သက်ပြီးလည်း NUG ဆီ CJ Platform က ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
ဒါ့အပြင် ၀က်လက်နဲ့ စဥ့်ကူးဆိပ်ကမ်းတာ၀န်ရှိသူတွေရဲ့ နီးစပ်သူတွေပိုင်ဆိုင်တဲ့ သံခွန်တွေမှအပ အရပ်သားတွေဖြစ်တဲ့ ပြန့်ဖောင်၊ စက်လှေသမားတွေအပေါ် မမျှတစွာဆောင်ရွက်မှုတွေလဲရှိနေတယ်လို့ ဦးနိုင်နဲ့ ဒေသခံပြန့်ဖောင်သမားတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် NUG အနေနဲ့ ဆိပ်ကမ်းပိုင်းဆိုင်ရာ တာ၀န်ရှိသူ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို စိစစ်မှုတွေအပြင် ပစ်မှုပစ်ဒဏ်ရှိနေပါကလည်း ထိထိရောက်ရောက်အရေးယူဖို့ လိုအပ်ချက်တွေရှိနေတယ်လို့ ဦးနိုင်က ပြောပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ- ဧရာ၀တီမြစ်ကမ်းတစ်နေရာကိုတွေ့မြင်ရစဉ်(ပုံဟောင်း)