အရှေ့ဘက်မှာ နှင်းမုန်တိုင်းတိုက်နေချိန် ‌အနောက်ဘက် ကမ်းရိုးတန်း မီးလောင်နေတဲ့ အမေရိကန်

Author CJ Platform
Categories
Published on Jan 10, 2025

အမေရိကန်ပြည်ထောင်စုဟာ လက်ရှိမှာ ပြင်းထန်လွန်းတဲ့ ဆန့်ကျင်ဘက် ရာသီဥတုဖောက်ပြန်မှု နှစ်မျိုးနဲ့ ကြုံတွေ့နေရပြီး  နိုင်ငံရဲ့ အရှေ့ဘက်ခြမ်းမှာ အေးခဲစေနိုင်လောက်တဲ့ နှင်းမုန်တိုင်းတွေ တိုက်ခတ်နေချိန်မှာပဲ အနောက်ဘက်ကမ်းရိုးတန်းမှာ ပြင်းထန်တဲ့ တောမီးလောင်ကျွမ်းမှုကိုပါ ရင်ဆိုင်နေရပါတယ်။

 

ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မှာ လက်ရှိအချိန်ထိ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် အနည်းဆုံး လူ ခုနစ်ဦးသေဆုံးခဲ့ရပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

 

လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တာကြောင့်  ထိခိုက်သေဆုံးသူဦးရေက တိုးမြှင့်လာဖွယ်လည်း ရှိပါတယ်။

 

တောမီးကြောင့် ဧက‌သောင်းချီ မီးလောင်ပျက်စီးခဲ့ရပြီး  ထောင်ချီတဲ့ လူနေအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ အရေးကြီးတဲ့ အခြေခံ အဆောက်အဦတွေပါ မီးလောင်ပျက်စီး ဆုံးရှုံးသွားပါတယ်။

 

ဒါ့အပြင် ကယ်လီဖိုးနီးယားပြည်နယ်က လူအတော်များများဟာ လျှပ်စစ်မီးပြတ်တောက်မှုတွေနဲ့ ကြုံတွေ့နေရပြီး‌ လော့စ်အိန်ဂျလိစ်ကောင်တီမှာ လျှပ်စစ်မီးပြတ်တောက်မှုပေါင်း ၈၆၃,၀၀၀ ကျော်ရှိသလို အနီးနားက ဆန်ဘာနာဒီနို ခရိုင်မှာတော့ ၈၅၇,၀၀၀ ရှိတယ်လို့ အမေရိကန်ရဲ့ လျှပ်စစ်မီးပြတ်တောက်မှု ခြေရာခံဝက်ဘ်ဆိုဒ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

 

၂၀၁၈ မီးလောင်မှုကြောင့် မကောင်းသတင်းနဲ့ ကျော်ကြားခဲ့တဲ့ ပါရာဒိုက်မြို့ဟာ အခုတစ်ခေါက်မှာလည်း ဆိုးရွာပြင်းထန်တဲ့ တောမီးလောင်ကျွမ်းမှုနဲ့ ထပ်ပြီး ကြုံ‌တွေ့နေရပါတယ်။

 

လေပြင်းတိုက်ခတ်မှုနဲ့ ခြောက်သွေ့တဲ့ရာသီဥတုကြောင့် ပိုပြီးဆိုးလာတဲ့ တောမီးကို အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ဝင်ထောင်ချီဟာ ထိန်းနိုင်ဖို့ ကြိုးပမ်းနေစဉ်မှာပဲ သိန်းနဲ့ချီတဲ့ ဒေသခံတွေဟာလည်း နေအိမ်တွေကနေ စွန့်ခွာပြီး ဘေးလွတ်ရာတွေကို ရွှေ့ပြောင်းနေရပါတယ်။

 

ယမန်နေ့ ဇန်နဝါရီ ၉ ရက်နေ့ညနေပိုင်းမှာ နေရာတချို့ကို မီးထိန်းနိုင်ခဲ့ပေမဲ့ တစ်နာရီကို ကီလိုမီတာ ၆၀ နှုန်းနဲ့ တိုက်ခတ်နေတဲ့ လေပြင်းကြောင့် မီးငြှိမ်းသတ်ရာမှာ စိန်ခေါ်မှုတွေကြုံနေရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

 

လော့စ်အိန်ဂျလိစ် ရဲအရာရှိ ရောဘတ်လူနာက မြို့အနောက်ဘက်က မီးဘေးသင့်ရပ်ကွက်တွေနဲ့ပတ်သက်ပြီး “အဲဒီနေရာတွေမှာ ဗုံးတွေကျရောက်ပေါက်ကွဲထားသလိုပါပဲ” လို့ မှတ်ချက်ပြုထားပါတယ်။

 

အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့ခြမ်းမှာတော့ နှင်းတွေထူထပ်စွာကျဆင်းနေတဲ့အပြင် လေပြင်းတွေပါ တိုက်ခတ်နေတာကြောင့် နှင်းမုန်တိုင်းတွေဖြစ်ပေါ်ပြီး  နေရာတချို့မှာ နှင်းထုဟာ နှစ်ပေကျော်အထိရှိနေတဲ့အတွက် ခရီးသွားလာရေးတွေ ရပ်တန့်ကုန်ပါတယ်။

 

နှင်းမုန်တိုင်းတွေကြောင့် အရှေ့ပိုင်းကပြည်နယ်ခုနစ်ခုမှာအရေးပေါ် အခြေအနေတွေကြေညာခဲ့ရသလို စာသင်ကျောင်းတွေပိတ်ပြီး လေကြောင်းခရီးစဉ်တွေပါ ဖျက်သိမ်းခဲ့ရပါတယ်။

 

ဒါ့အပြင် နှင်းမုန်တိုင်းကြောင့် အနည်းဆုံးလူငါးဦးထက်မနည်းလည်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အရင်က နှင်းမုန်တိုင်းကို ကြုံတွေ့ရလေ့မရှိတဲ့ ဖလောရီဒါပြည်နယ်နဲ့ ဒဲလ်လတ်စ်ပြည်နယ်အပါအဝင် တောင်ပိုင်းက ပြည်နယ်တချို့ပါ နှင်းမုန်တိုင်းဒဏ်ကို ခံစားနေရတယ်လို့လည်း ဆိုပါတယ်။

 

တက္ကဆက်ပြည်နယ်ကနေ ကမ်းရိုးတန်းဒေသတလျှောက်အထိ ဒေသတွေရဲ့ အပူချိန်ဟာ အနုတ် ၂၀ (-20°) အောက်ထိကို ကျဆင်းသွားနိုင်တယ်လို့ ခန်းမှန်းထားကြောင်း အမျိုးသားမိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။

 

နှင်းမုန်တိုင်းရဲ့သက်ရောက်မှုဟာ လူပေါင်း သန်း ၆၀ ကျော်အထိ သက်ရောက်နိုင်တယ်လို့ သတိပေးထားပြီး လက်ရှိမှာ‌လူပေါင်း လေးသန်းကျော်ဟာ နှင်းမုန်တိုင်းရဲ့ နောက်ဆက်တွဲဒဏ်တွေကို ခံစားနေရတယ်လို့လည်း သိရပါတယ်။

 

နှင်းတွေ ဆိုးဆိုးရွားရွား ထူထပ်စွာ ကျဆင်းနေတာကြောင့် ထောင်နဲ့ချီတဲ့ အိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေဟာ လျှပ်စစ်ဓာတ်အားတွေပါ ပြတ်တောက်နေပြီး မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေလည်း ရန့်တန့်ကုန်တဲ့အတွက် အေးခဲသွားနိုင်လောက်တဲ့ အခြေအနေတွေကို ရင်ဆိုင်နေရပါတယ်။

 

ကျွမ်းကျင်သူတွေကတော့ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် အခုလိုမျိုး ဆိုးရွားပြင်းထန်လွန်းတဲ့ ရာသီဥတုတွေကို မကြာခဏဆိုသလို ပိုပြီးကြုံတွေ့လာရတာဖြစ်တယ်လို့ သတိပေးထားပါတယ်။

 

အနောက်ဘက်ကမ်းရိုးတန်းဒေသဟာ ကြာရှည်မိုးခေါင်မှုနဲ့ အပူချိန်မြင့်တက်လာမှုတို့ကြောင့်  တောမီးလောင်ကျွမ်းမှုကို ပိုမိုခံစားရသလို အရှေ့ဘက်ခြမ်းမှာတော့ ပိုပြီးပြင်းထန်တဲ့ နှင်းမုန်တိုင်းတွေ ကြုံရနိုင်တယ်လို့ ဆိုပါတယ်။

 

အခုလိုမျိုးဖြစ်ရပ်တွေကြောင့် လူသားတွေနဲ့ စီးပွားရေးအရင်းအမြစ်တွေ ထိခိုက်ပျက်စီးမှု များပြားလာလို့ ကြုံတွေ့လာရနိုင်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့အတွက် လိုက်လျောညီထွေဖြစ်စေပြီး ပျက်စီးဆုံးရှုံးမှုတွေကို လျော့ပါးသက်သာစေမဲ့ မဟာဗျူဟာတွေ ချမှတ်ဖို့ လိုနေပြီဖြစ်တယ်လို့ ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

 

ဓာတ်ပုံ – AP Photo

 

ကိုးကား- Daily Mail, CNN, The Independent