အိုးဘိုထောင်အတွင်း အကျဉ်သား ၁၂ ဦးခန့် ငလျင်ဒဏ်ကြောင့်သေဆုံး

Author CJ Platform
Categories
Published on Apr 01, 2025

မန္တလေး အိုးဘိုထောင်မှာ ပြီးခဲ့တဲ့ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် အကျဉ်းသား အကျဉ်းသူ ၁၂ ဦးခန့် သေဆုံးခဲ့ကြောင်း ကနဦးသိရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

 

အိုးဘိုထောင်အတွင်း အမျိုးသားဆောင်အလုပ်ရုံပြိုကျခဲ့တဲ့အပြင် အိပ်ဆောင်တစ်ဆောင်နဲ့တစ်ဆောင် ကာရံထားတဲ့ အုတ်ရိုးတွေပြိုကျခဲ့တာအပြင် အကျဉ်းသားအိပ်ဆောင်တချို့နဲ့ ဝန်ထမ်းလိုင်းခန်း တွေလည်း ပြိုကျပျက်စီးခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

 

“ လက်ရှိ ၁၂ ဦးကို ကနဦး အတည်ပြုထားပါတယ်။ ၄ ဦးအပြင် ကျန်တဲ့ ၈ ဦးကိုသေချာအတည်ပြုနိုင်ဖို့ လုပ်နေပါတယ်။ ဒီထက်ပိုပြီးလည်း များပြားနိုင်ပါသေးတယ်ခင်ဗျ “ လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက CJ Platform ကိုပြောပါတယ်။

 

အမျိုးသမီးအိပ်ဆောင် (၁)၊ (၂) ပြိုကျပျက်စီးခဲ့လို့ အနည်းဆုံး နှစ်ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးခန့်ရှိတယ်လို့လည်း PPNM ကထုတ်ပြန်ထားပါတယ်။

 

အိုးဘိုထောင်ထဲ အကျဉ်းသားအိပ်ဆောင်နံရံတွေ ကွဲအက်တာအပြင် မျက်နှာကျက်တွေ ပြိုကျပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတွေရှိနေသလို လက်ရှိမှာလည်း ထိခိုက်ပျက်စီးထားတဲ့ အိပ်ဆောင်တွေထဲမှာပဲ အကျဉ်းသားတွေ နေထိုင်ကြရတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

ဒါ့အပြင် ဝန်ထမ်းအိမ်ယာတွေလည်း ပြိုကျပျက်စီးခဲ့တာကြောင့် ထောင်ဝန်ထမ်းတွေလည်း နေစရာမရှိဖြစ်နေရကာ အဆင်ပြေသလို နေထိုင်နေကြရတယ်လို့ အိုးဘိုအကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦး ဆီကနေ သိရပါတယ်။

 

“ ထိတာတော့ တော်တော်ထိတယ်။ သိတဲ့အတိုင်း ဗဟိုထောင်ဆိုတော့ ဖုံးတာမြန်တယ်။ ဝန်ထမ်းတွေတောင် နေစရာမရှိလို့ ဘယ်နေရမှန်းမသိဖြစ်နေတာ “ လို့ အိုးဘိုထောင်နဲ့ နီးသပ်သူအမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

လက်ရှိမှာ အိုးဘိုထောင်အတွင်း အကျဉ်းသားအိပ်ဆောင်တချို့ ပြိုကျ ပျက်စီးနေတယ်လို့ သိရပြီး စစ်ကောင်စီဘက်က တာဝန်ရှိသူတွေလာရောက်စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။

 

အကျဉ်းသားတွေအနေနဲ့  ပြိုကျနိုင်ချေရှိတဲ့ အိပ်ဆောင်တွေအတွင်း စုပေါင်းနေထိုင်နေကြရတယ်လို့ ကနဦး သတင်းအရ သိရှိရပြီး နောက်ဆက်တွဲ ငလျင်များ လှုတ်ခတ်လာပါက အကျဉ်းသားတွေအတွက် အန္တရာယ်ရှိနိုင်ခြေ ရှိနေပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်