ငလျင်ဘေးကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေ အလုပ်ရှုပ်နေချိန် တော်လှန်ရေးအင်အားစုတွေက ဖျက်လိုဖျက်ဆီးလုပ်နေလို့ ဦးခင်ရီပြော

ငလျင်ဘေးကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေ အလုပ်ရှုပ်နေချိန်မှာ တော်လှန်ရေးအင်အားစုတွေက ဖျက်လိုဖျက်ဆီးလုပ်နေတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးခင်ရီက ပြောကြားလိုက်ပါတယ်။
ကြံ့ဖွံ့ပါတီရဲ့ တရားဝင်ဖေ့ဘွတ်စာမျက်နှာမှာ မတ်လ ၃၁ရက်နေ့က ငလျင်ဘေးသင့် နေရာများသို့ အအကူညီပေးရေးကိစ္စများအပေါ် ဦးခင်ရီ၏ ဆွေးနွေးသုံးသပ်ချက်ဆိုတဲ့ ခေါင်းစဉ်ပါ ရုပ်သံမှတ်တမ်းမှာ ကြံ့ဖွံ့ပါတီဥက္ကဌ ဦးခင်ရီက ပြောကြားလိုက်တာပါ။
“ဒီနေရာမှာ ကျနော်ဘာကို အဓိကထားပြောချင်လဲဆိုတော့ ဒီလိုတစ်ကမ္ဘာလုံးမှာ အုတ်အော်သောင်းနင်း ထိခိုက်မှုဒဏ်တွေ ဘေးဥပါဒ်အန္တရာယ်သင့်တဲ့ဒေသတွေမှာ ကူညီနေတဲ့အချိန်မှာ ကျွန်တော်တို့ဆီက အကြမ်းဖက်သောင်းကျန်းသူအချို့ ၊ ပြည်ပရောက်နေတဲ့ အဖွဲ့အစည်းအချို့သော ပုဂ္ဂိုလ်တွေက ဒီအပေါ်မှာ အမနာပ ပြောနေကြတယ်။ အဲဒီ EAOS နဲ့ တိုက်ခိုက်ရေးသမားတွေကလည်း အလုပ်ရှုပ်နေတဲ့ ကာကွယ်ရေး၊ လုံခြုံရေးအင်အားစုတွေအပေါ် မူတည်ပြီးတော့ တိုက်ကွက်ဖော်နေတာ ကျွန်တော်တို့တွေ့တယ်။ အလစ်အငိုက်ဘဲဆိုပြီးတော့ပေါ့ဗျာ။ ဒီဆီဆိုင်ဘက်လမ်းကြောင်း ကယားပြည်နယ်ဘက်မှာဖြစ်တယ်။ နောက်ရှမ်းမြောက်တစ်ချို့ဒေသဘက်မှာဖြစ်တာ တွေ့ရတယ်။ ဒါတော်တော်ဆိုးရွားတဲ့ ကိစ္စဘဲ။ အချို့အဖွဲ့အစည်းတွေကလည်း ဒီအပေါ်မှာ အမနာပပြောကြတယ်။ ဖျက်လိုဖျက်ဆီးတွေ ပြောကြတယ်”လို့ ဦးခင်ရီက ပြောပါတယ်။
ဒါ့အပြင် မုန်တိုင်းကြောင့် နေပြည်တော်နဲ့ အနီးတဝိုက်မှာ ရေကြီးနစ်မြုပ်မှု ကြုံတွေ့ခဲ့ရစဉ်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ရဲ့ မဲဆန္ဒနယ်ကို ကြံ့ဖွံ့ပါတီကသာ အစောဆုံးသွားရောက်ပြီး ကယ်ဆယ် ရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ယဥ်ကျေးလာတဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာ ဒီလိုတိုင်းဖျက်ပြည်စွန့်ကိစ္စတွေ အညှိုးအတေးနဲ့လုပ်နေတဲ့ ဒီကိစ္စတွေဟာ ဒီလိုအဖွဲ့အစည်းမျိုးတွေဟာ လူတွေနဲ့အတူတူမရှိသင့်တော့ဘူးလို့ ကျွန်တော်ဒီလိုမြင်တယ်။ ပရိတ်သတ်ကြီးရော ဘယ်လိုမြင်မလဲမသိဘူးခင်ဗျ”လို့ ဦးခင်ရီက ဆက်ပြောပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာမှာ ငလျင်ဘေး စတင်ကြုံတွေ့ခဲ့ရတဲ့ မတ်လ ၂၈ရက်နေ့ကနေ ကနေ့အထိ ပါတီရဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို မျှဝေထားတာ မတွေ့ရဘဲ မနေ့ မတ်လ ၃၁ရက်နေ့ ညနေပိုင်းမှသာ “ငလျင်ဘေးသင့် နေရာများသို့ အအကူညီပေးရေးကိစ္စများအပေါ် ဦးခင်ရီ၏ ဆွေးနွေးသုံးသပ်ချက်ဆိုတဲ့ ခေါင်းစဉ်ပါ” ရုပ်သံဗီဒီယိုကို မျှဝေထားတာ တွေ့ရပါတယ်။
ငလျင်ဘေးသင့် ဒေသတွေက မြေပြင် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း ယနေ့အချိန်ထိ ကြံ့ဖွံ့ပါတီဝင်တွေရဲ့ ကူညီကယ်ဆယ်မှုတွေကိုလည်း မတွေ့ရသေးပါဘူး။
မြန်မာနိုင်ငံတွင်း မြို့ကြီး ၁၀ မြို့ထက်မနည်းမှာ ငလျင်ဘေးကို ဆိုးဝါးစွာ ထိခိုက်ခံစားနေရချိန်မှာ ကြံ့ဖွံ့ပါတီရဲ့ ကျောထောက်နောက်ခံဖြစ်တဲ့ စစ်ကောင်စီဟာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကိုလည်း ဆက်လက် လုပ်ဆောင်နေကြောင်း သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
ဓာတ်ပုံ – USDP