ဆက်သွယ်ရေးပြတ်တောက်နေချိန်မှာ ပြည်သူတွေ သတင်းရရှိဖို့ BBC က ညပိုင်းရေဒီယိုအစီအစဉ်ကို တိုးချဲ့ထုတ်လွှင့်

မြန်မာနိုင်ငံအတွင်း ငလျင်ဒဏ်ကို ဆိုးဝါးစွာ ကြုံတွေ့ခဲ့ရပြီးနောက် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေချိန်တွင် ပြည်သူတွေ သတင်းရရှိဖို့အတွက် BBC သတင်းဌာနက ညပိုင်း ရေဒီယိုအစီအစဉ်တွေကိုပါ တိုးချဲ့ထုတ်လွှင့်သွားမယ်လို့ ကြေညာလာပါတယ်။
ဒီကနေ့ ဧပြီလ ၁ရက်နေ့ကနေ စတင်ပြီး ညစဉ် မိနစ် ၃၀အထိ တိုးချဲ့ ထုတ်လွှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာပြည်အတွင်း ဖြစ်ပေါ်ကြုံတွေ့နေရတဲ့ အခြေအနေတွေ၊ လိုအပ်ချက်တွေ၊ နောက်ဆုံးရသတင်းတွေနဲ့ ငလျင်ဒဏ်ခံခဲ့ရပြီးနောက် နောက်ဆက်တွဲ သိသင့် လိုက်နာသင့်တဲ့ လက်တွေ့အသုံးချ အချက်အလက်တွေကို ထည့်သွင်း တင်ဆက်သွားမယ်လို့ BBC က ကြေညာထားပါတယ်။
ရန်ပုံငွေ အခက်အခဲကြောင့် VOA ၊ RFA ကဲ့သို့ သတင်းဌာနကြီးတွေက တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တွေကို ရပ်နားထားရပြီး၊ သတင်းဌာနအချို့မှာလည်း ရန်ပုံငွေအခက်အခဲကြောင့် သတင်းတင်ဆက်မှု နည်းပါးသွားချိန်တွင် BBC ၏ ထပ်တိုးသတင်းတင်ဆက်မှုသည် မြန်မာနိုင်ငံအတွက် အကျိုးတစ်ခု ဖြစ်ထွန်းစေမည်ဖြစ်သည်။