နေပြည်တော်နှင့်အနီးဆုံးက ပျဉ်းမနားတွင် လေးရက်ကြာသည်အထိ စစ်ကောင်စီအကူအညီမရဘဲ ပြည်သူများ ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေး လုပ်နေရ

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နှင့် ရှစ်မိုင်အကွာတွင်တည်ရှိသော ပျဉ်းမနားမြို့၌ ငလျင်ကြီးလှုပ်ပြီး လေးရက်ကြာမြင့်သည်အထိ ကယ်ဆယ်ရေးကို ပြည်သူများနှင့် ဒေသခံပရဟိတအဖွဲ့များအနေဖြင့် စစ်ကောင်စီ၏အကူအညီမရဘဲ ကိုယ်ထူကိုယ်ထ လုပ်နေကြရကြောင်း မြို့ခံများထံမှ သိရသည်။
ပျဉ်းမနားမြို့သည်လည်း မတ်လ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်ခန့်က ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ဖြင့် မန္တလေးမြို့ကို အခြေပြုကာ လှုပ်ခတ်ခဲ့သည့်ငလျင်ဒဏ်ကို အပြင်းအထန် ခံစားခဲ့ရပြီး လူ ၄၀၀ ခန့်အသေအပျောက်ရှိနိုင်သည်ဟု ကယ်ဆယ်ရေးလုပ်နေသူများက ဆိုသည်။
ပျဉ်းမနားမြို့တွင်အချက်အချာကျရာ အဓိကစျေးကြီးနှင့် ဝန်းကျင်ရှိ တိုက်အိုတိုက်ဟောင်းများ ၉၀ ရာခိုင်နှုန်းခန့် ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့်အပြင် လောကရန်နှိမ်နှင့် လောကမာရဇိန် ဘုရားနှစ်ဆူ၊ ဗလီများအပါအဝင် မြို့သုံးပုံ တစ်ပုံခန့်ပျက်စီးသွားသည်ဟု လက်ရှိကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူ ဒေသခံအမျိုးသားတစ်ဦးက ပြောကြားသည်။
သို့သော် လက်ရှိကူညီကယ်ဆယ်ရေးကို မြို့နယ်ပရဟိတလူငယ်များကသာဦးဆောင်၍ လုပ်ဆောင်နေရပြီး စစ်ကောင်စီထံမှ မည်သည့်အကူအညီမျှမရသကဲ့သို့ မီးသတ်အဖွဲ့ဝင်များပင် မတွေ့ရကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်နေသူမြို့ခံများထံမှ သိရသည်။
“ကယ်ဆယ်ရေးကတော့ မီးသတ်အဖွဲ့တွေတောင် မတွေ့ရဘူး။ ရုတ်တရက်ကြီး ဖြစ်သွားတာ။ ကျနော့်မျက်စိရှေ့မှာတင် သုံးထပ်တိုက်ကြီးပြိုကျသွားတာ ‘အုန်း’ခနဲဆိုပြီး။ ကယ်ဆယ်ရေးလုပ်နေကြတယ်။ ရပ်ကွက်က လူတွေ စုပြီး။ ဘက်ဖိုးတွေငှား၊ နေ့စားတွေငှားပြီး ကယ်ထုတ်နေကြတာ။ နိုင်ငံတကာကယ်ဆယ်ရေးလည်း ဒီဘက်မှာ မတွေ့ရသေးပါဘူး။ တချို့နေရာတွေမှာ အနံ့တွေလည်း ထွက်နေကြပြီ။ အသေအပျောက်စာရင်းကတော့ မသိရသေးပေမဲ့ တော်တော်များတယ်” ဟု အသက် ၅၀ ကျော်အရွယ်ရှိ ပျဉ်းမနားမြို့ခံ မျက်မြင်အမျိုးသားတစ်ဦးက ပြောသည်။
ငလျင်ဒဏ်ကို ကြုံတွေ့ခဲ့ရသည့် အသက် ၄၀ ဝန်းကျင်ရှိ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကလည်း စစ်ကောင်စီဘက်က မည်သည့်ကယ်ဆယ်ရေးအဖွဲ့မျှမလာရောက်သေးဘဲ ကိုယ်တိုင်လုပ်နေကြရ၍ အလောင်းများကို မရှင်းလင်းနိုင်သေးကြောင်း ပြောသည်။
“အခု သိရသလောက် အသေအပျောက်က လေးရာကျော်သွားပြီလို့ကြားရတယ်။ မြို့ခံပရဟိတလူငယ်တွေတော့ နိုင်သလောက်ကယ်ဆယ်ရေးလုပ်နေတုန်းပဲ။ တချို့ Dead Body တွေထုတ်မရသေး၊ အပုပ်နံ့တွေထွက်နေပြီ။ နိုင်ငံခြားအဖွဲ့တွေတော့ မမြင်မိသေး။ မိသားစုထဲမှာ အဖေတော့ ဗီဒိုပိပြီး ခြေထောက်ကွဲသွားတယ်” ဟု ၎င်းက ပြောသည်။
လတ်တလော လျှပ်စစ်မီးများပြတ်တောက်နေသဖြင့် ရေအခက်အခဲကို အဓိကရင်ဆိုင်နေရသည်ဟု ၎င်းက ပြောသည်။
“သောက်ဖို့ရေမရှိတော့ဘူး။ တချို့ ပရဟိတအဖွဲ့တွေ ရေသန့်ဗူးတွေလိုက်ဝေနေပေမဲ့ နေရာအနှံ့မရောက်ဘူး” ဟု အဆိုပါအမျိုးသားက ပြောသည်။
ထို့အပြင် ပျဉ်းမနားမြို့တွင် ငလျင်မဖြစ်ပေါ်မီက ဓာတ်ဆီ တစ်လီတာ ကျပ် ၃၀၀၀ ကျော်မှ ယခုအခါ ၇၀၀၀ ကျော်အထိ နှစ်ဆကျော်မြင့်တက်သွားပြီး အခြေခံစားသောက်ကုန်များ ပြတ်လပ်လုနီးပါး ဖြစ်နေပြီဟုလည်း ဒေသခံများထံမှ သိရသည်။
လက်ရှိ သမိုင်းဝင်မြန်မာ့ငလျင်ကြီးကို ကူညီကယ်ဆယ်ရန် နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့များရောက်ရှိနေသကဲ့သို့ အချို့ကိုလည်း စစ်ကောင်စီက ဝင်ခွင့်မပေးထားကြောင်း သိရသည်။
လတ်တလော မြန်မာနိုင်ငံအတွင်း ရုရှား၊ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံတို့က ကယ်ဆယ်ရေးအဖွဲ့များကို စစ်ကောင်စီက ဝင်ရောက်ကူညီခွင့်ပြုထားသည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ သိရသည်။ ထိုင်ဝမ်မှရောက်ရှိနေသည့် အင်အား ၁၀၀ ကျော်ပါ ကူညီကယ်ဆယ်အဖွဲ့ကိုမူ ကူညီခွင့်မပေးသည့်အတွက် လက်လျှော့လိုက်ပြီဟု CNA သတင်းတွင် ရေးသားဖော်ထားသည်။
ထို့အပြင် နိုင်ငံခြားသတင်းဌာနနှင့် သတင်းထောက်များက စစ်ကောင်စီထံ လာရောက်သတင်းရယူရန်တင်ပြထားသည်များရှိသော်လည်း တည်းခိုစရာအဆင်မပြေသည့်အပြင် လျှပ်စစ်မီးနှင့် ရေတို့ပြတ်တောက်နေသည်ဟုဆိုကာ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းရယူခွင့်ပယ်ချထားသည်။
ငလျင်ဘေးကြောင့် ယမန်နေ့ မတ်လ ၃၀ ရက် ညနေပိုင်းအထိ သေဆုံးသူ ၁၇၀၀ နီးပါးအထိ တိုးလာခဲ့ပြီး ဒဏ်ရာရသူ ၃၄၀၀ ကျော်နှင့် ၃၀၀ ဦးကျော်ပျောက်ဆုံးနေဆဲဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ -ပေးပို့
ပုံစာ – ငလျင်ဘေးကြောင့် ပျဉ်းမနားမြို့အတွင်း အပျက်အစီးများကိုတွေ့ရစဉ်